၂၅. ၅. ၂၀၂၃
Written by Nay Aung
တရုတ်အစိုးရသည် မြန်မာနိုင်ငံရှိ မိုခါ မုန်တိုင်းဒဏ်တွေ့ကြုံခဲ့ရသူများကို မကြာမီကာလအတွင်း အိမ်များ ပြန်လည် တည်ဆောက်ပေးသွားရန် စီစဉ်နေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က မေလ ၂၄ရက်နေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်အစိုးရအနေဖြင့် မိုခါမုန်တိုင်းဒဏ်တွေ့ကြုံနေရသော မြန်မာပြည်သူများကို လက်ရှိအခက်အခဲမှ ကျော်ဖြတ်နိုင်ရန် လိုအပ်သော လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။
၎င်းက ” မိုခါမုန်တိုင်းကြောင့် ငွေကြေး၊ စီးပွားရေးနဲ့အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံသားများအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ဆွေးမျိုးပေါက်ဖော်တွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ မြန်မာနိုင်ငံကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ ကူညီပေးပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြက်ခြေနီအဖွဲ့ဟာ မြန်မာကြက်ခြေနီအဖွဲ့ကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးခဲ့ပါတယ်။ ဒီလိုမျိုး ကူညီပေးမှုတွေဟာ တရုတ်-မြန်မာ အသိုက်အဝန်းရဲ့စိတ်ဓာတ်ပိုင်းကို ထင်ဟပ်စေပါတယ်” ဟု ပြောသည်။
မိုခါ မုန်တိုင်းသည် ပြီးခဲ့သောမေလ ၁၄ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူသိန်းသန်းချီ ဘေးဒုက္ခများ ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။ ရခိုင်ပြည်နယ်သည် မိုခါမုန်တိုင်းဒဏ်ခံရမှုကို အဆိုးရွားဆုံးတွေ့ကြုံခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့သည်လည်း မုန်တိုင်းဒဏ်ခံခဲ့ရကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ မြို့များအနက် စစ်တွေမြို့နှင့် ရသေတောင်မြို့သည် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးမြို့များဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မိုခါမုန်ုတိုင်းတိုက်ခတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံအပြင် ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ စင်ကာပူ၊ ရုရှားနိုင်ငံတို့၏အစိုးရများ၊ အဖွဲ့အစည်းများ၊ အာဆီယံအဖွဲ့တို့က လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးအပ်ခဲ့ကြောင်းသိရသည်။
Ref——-MFA China