MT News
၂၅. ၅. ၂၀၂၃
မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေပြီး လာမည့်နှစ် ဖေဖော်ဝါရီတွင် ဓာတ်အားစတင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် လက်ရှိရောက်ရှိနေသည့် ဓာတ်အားပေးစက်(၉)လုံးအပြင် ထပ်မံရောက်ရှိရန် ကျန်ရှိသည့် ဓာတ်အားပေးစက်(၄)လုံးနှင့် ထရန်စဖော်မာများအား သတ်မှတ်ကာလအတွင်း ရောက်ရှိနိုင်ရေးနှင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ဓာတ်အားအပြည့်အဝ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နေသည်။
အဆိုပါ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ (၅၉၈) ဧကပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အားမှာ Solar ၁၂၂ မဂ္ဂါဝပ်နှင့် Gas Engine ၁၂၆ မဂ္ဂါဝပ် နှစ်မျိုး တပ်ဆင်ထားရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံ မှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ (၃၁) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။