၂၄. ၅. ၂၀၂၃
Written by Ye Kyaw
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစရိတ် နှစ်ဆမြင့်တက်မှုကြောင့်သာ ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းကြီးမြင့်သွားရခြင်းဖြစ်ပြီး လက်ရှိတွင် ရေလမ်းကြောင်းကုန်သွယ်မှု ဆောင်ရွက်နေပြီဖြစ်၍ ကုန်ပစ္စည်းဂိုဒေါင်များ ပြန်လည်လက်ခံနိုင်ပြီဆိုပါက ကုန်ဈေးနှုန်း ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“စစ်တွေမှာ ကုန်စည်စီးဆင်းမှုမှာ သင်္ဘောနဲ့ ကားလမ်းကြောင်းနှစ်ခုရှိတာကိုး။ သင်္ဘောလိုင်းကြောင်းကတော့ မုန်တိုင်းမတိုင်ခင်က တင်ပြီးတော့ ထွက်လာတာတွေရှိပါတယ်။ အဲဒါတွေက ကျွန်တော်သိရသလောက်ဆိုရင် ခုနစ်စီး၊ ရှစ်စီးလောက်ကို ရောက်နေတယ်။ ဒါပေမဲ့ သူတို့ကလည်း တင်ပို့ဖို့အခက်အခဲရှိနေတယ်။ လုပ်သားအခက်အခဲရှိနေတယ်။ သင်္ဘောမှာပါတဲ့ကုန်တွေပေါ့။ ကုန်တွေရဲ့ ဂိုဒေါင်တွေက အကုန်ပျက်စီးသွားတယ်။ ကုန်တွေလက်ခံဖို့ကလည်း တော်တော်လေးခက်တယ်။ သင်္ဘောတွေက တော်တော်များများရောက်တာဖြစ်တဲ့အတွက် အဓိက ကုန်သည်တွေ ကုန်လက်ခံထားဖို့အတွက် နေရာမရှိသေးတာ။ အဲဒါတွေအဆင်ပြေသွားရင် သင်္ဘောတွေကလည်း သူ့ဟာနဲ့သူ ကုန်စည်တွေ တက်လာမယ်။ ဈေးကွက်ထဲကို လည်ပတ်သွားရင် အဆင်ပြေသွားမှာပါ” ဟု ရခိုင်ပြည်နယ် ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။
လက်တလော ကုန်ဈေးနှုန်းမြင့်တက်ခဲ့ခြင်းက ကုန်းလမ်းတစ်ခုတည်းကိုသာ ဆောင်ရွက်နိုင်သည့်အပြင် ကုန်စည်စီးဆင်းမှုအတွက် ကုန်ကားများငှားရာတွင်လည်း အခက်အခဲများရှိနေခြင်းကြောင့် ယခင်က ကုန်ကားဖြင့် ကုန်ပစ္စည်းများသယ်ယူရာတွင် တစ်ပိဿာ ကျပ် ၂၅၀ ဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် တစ်ပိဿာ ကျပ် ၄၅၀ ဝန်းကျင်အထိ မြင့်တက်ခဲ့မှုများရှိကြောင်း သိရသည်။
“ကားနဲ့ သယ်ယူပို့ဆောင်ရေးကတော့ ခေါက်ချိုးလောက်ကို တက်တယ်။ အဓိကဆင်းလာတာကတော့ တာပေါ်လင်စနဲ့ အရေးကြီးတာတွေပေါ့လေ။ ဒီပစ္စည်းတွေကတော့ အလောတကြီးဆင်းရတာဖြစ်တဲ့အတွက် ကားခတွေက တစ်ပိဿာကို ခေါက်ချိုးလောက်ကို တက်သွားတယ်။ အရင်က တစ်ပိဿာကို ကျပ် ၂၅၀ နဲ့ ၂၈၀ အခုက ကျပ် ၃၅၀ နဲ့ ၃၆၀ ဆို ကားက ရှာလို့မရဘူး။ ကျပ် ၄၅၀ လောက်မှ ကားရှာလို့ရတယ်” ဟု ဦးတင်အောင်ဦးက ပြောသည်။