၂၄. ၅. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တွင် မစ်ဆိုရီပြည်နယ်သား အသက် ၁၉ နှစ်ရှိ အိန္ဒိယနွယ်ဖွားတစ်ဦးက အိမ်ဖြူတော်လုံခြုံရေးအတားအဆီးများကို ထရပ်ကားတစ်စီးဖြင့် မေလ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်တွင် တမင်သက်သက်ဝင်၍ တိုက်ခဲ့ကြောင်း သိရသည်။
ဆိုင်းဗာရှစ် ကန်ဒူလာအမည်ရှိ အဆိုပါအိန္ဒိယနွယ်ဖွားကို ဖမ်းဆီးပြီးနောက် ၎င်းက ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးဗျူရို (အက်ဖ်ဘီအိုင်)သို့ ၎င်းအနေနှင့် သမ္မတဂျိုးဘိုင်ဒန်ကို သ-တ်ချင်၍ ဤသို့ပြုမူခဲ့ခြင်းဟု ပြောခဲ့ရာ ၎င်းကို သမ္မတအားပြန်ပေးဆွဲရန်(သို့မဟုတ်) သ-တ်ရန်ခြိမ်းခြောက်မှုဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်းလည်း သိရသည်။
ကန်ဒူလာသည် မစ်ဆိုရီပြည်နယ်၊ ချက်စတာဖီးလ်မြို့တွင် နေထိုင်သူဖြစ်ပြီး ထိုညက အိမ်ဖြူတော်၏မြောက်ဘက်၊ လာဖာရက်တီပန်းခြံအနီးရှိ ဂိတ်ကို ထရပ်ကားဖြင့် ဝင်၍တိုက်ပြီးနောက် ကားအတွင်းမှခုန်ဆင်းကာ စကြာတံဆိပ်ပါ နာဇီအလံတစ်ခုကို ဝှေ့ရမ်းခဲ့သည်။ ၎င်းက အမေရိကန်အစိုးရကို ဖြုတ်ချချင်ကြောင်း၊ သမ္မတ ဂျိုးဘိုင်ဒန်ကို သ-တ်ချင်ကြောင်း အက်ဖ်ဘီအိုင်သို့ ပြောခဲ့သည်။
၎င်းက အမေရိကန်သမ္မတအပြင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့အစည်းများက အကာအကွယ်ပေးထားသည့် အခြားသောပုဂ္ဂိုလ်များကိုပါ အသက်အန္တရာယ်ပြုရန် ခြိမ်းခြောက်မှုများကြောင့် စွဲဆိုဖွင့်လှစ်ထားသည့်အမှုများအရ ငါးနှစ်အထိထောင်ဒဏ်အပြစ်ပေးခံရနိုင်ကြောင်း သိရသည်။
၎င်းက မစ်ဆိုရီပြည်နယ်၊ စိန့်လူးဝစ်မြို့မှ ဝါရှင်တန်မြို့ Dulles လေဆိပ်သို့ လေကြောင်းဖြင့်ရောက်ရှိလာကာ အိမ်ဖြူတော်ဂိတ်အားဝင်တိုက်သည့် U-Hauk ထရပ်ကားအား ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အိမ်ဖြူတော်ဂိတ်အား ထရပ်ကားဖြင့်ဝင်တိုက်ချိန်တွင် သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်အတွင်း ရှိနေကြောင်းသိရသည်။ သို့သော် ၎င်းက ထိုဖြစ်ရပ်ကို သတိပြုမိခြင်းရှိမရှိ ကောင်းစွာမသိရှိရပေ။
ထိုဖြစ်ရပ်တွင် တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ကန်ဒူလာကိုမူ ချက်ချင်းပင်ဖမ်းဆီးနိုင်ခဲ့သည်။
စစ်ဆေးချက်များအရ ထရပ်ကားအတွင်း လက်နက်တစ်စုံတစ်ရာနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများသယ်ဆောင်လာခြင်းမရှိဟု သိရသည်။ ကန်ဒူဟာအားမော်တော်ယာဉ်မဆင်မခြင်မောင်းနှင်မှုနှင့် ကျူးကျော်ဝင်ရောက်မှုတို့ဖြင့်လည်း အမှုဖွင့်ထားကြောင်း သိရသည်။
Ref—– Dailymail