၂၄. ၅. ၂၀၂၃
Written By Thandar
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ Mister and Miss World Universe International 2023 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ကရင်တိုင်းရင်းသူနော်အယ်စေးဖော @ အယ်အယ်က ပါဝင်ယှဥ်ပြိုင်နေတာ ဖြစ်ပါတယ်။
“ထားဝယ်မြို့နယ်ရှိတဲ့ ပုလောဒေသဘက်မှာ ငယ်ငယ်တုန်း ၅ တန်းအထိ ကျောင်းနေခဲ့ပါတယ်။ ၆ တန်း နဲ့ ၇ တန်းလောက်ကို ရန်ကုန်မြို့ အင်းစိန်မှာ အဒေါ်တွေနဲ့ နေထိုင်ခဲ့ပါတယ်။ အနော်ရဲ့ မိဘတွေ စစ်ဘေးရှောင်ရင်း နဲ့ ထိုင်းနိုင်ငံကို ရောက်နေကြပြီးဖြစ်ပါတယ်။ အနော့်ကို ထိုင်းကို မိဘတွေကခေါ်တော့ ရွှေ့ပြောင်းလုပ်သားအနေ နဲ့ Camp ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာပဲ ကျောင်းဆက်တက်ခဲ့ရတယ်။ ခရစ်ယာန်ကျောင်းတွေ ဆက်တက်ပြီးတော့ ဒီ Camp မှာပဲ ဆရာမတစ်ယောက်အနေနဲ့ နေထိုင်ခဲ့တယ်။ ချင်းမိုင်မှာရှိတဲ့ University တက်ခဲ့ပြီး ဘွဲ့ ထပ်ရခဲ့တယ်”လို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ကရင်မလေး နော်အယ်စေးဖော @အယ်အယ်က ပြောပါတယ်။
ခရီးသွားလုပ်ငန်းပတ်သက်တဲ့ ဒီပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်ကစပြီး မေလ ၂၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး သူမရဲ့ ဘဝအကြောင်းနဲ့ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်း အကြောင်းတွေကိုလည်း ပရိသတ်သိအောင် ပြောလာတာဖြစ်ပါတယ်။
“ကျွန်တော်နဲ့ အနော်နဲ့က Pageant System စစ်စစ်တွေကို ချိတ်ဆက်ဖို့က ကိုယ်နဲ့အနော် သိပ်မဆုံဖြစ်ကြဘူး။ ဒီလို Friendship ပွဲတွေထက်မှာ ချိတ်ဖြစ်တယ်။ ဗီယက်နမ်ရဲ့ Tourism ကို မြှင့်တင့်တဲ့ပွဲအသေးမျိုးကို သွားတာပါ။ အဓိက Training ဖြစ်တယ်။ လုပ်ငန်းအတွေ့အကြုံတွေကို သွားယူတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာပွဲက ပိုပြီး ကိုယ့်အတွက် အခွင့်အလမ်းတွေ အတွေ့အကြုံသစ်တွေ ရနိုင်တယ်။ International ပွဲက ပြန်လာတဲ့ သူတစ်ယောက်ရဲ့ အတွေးအခေါ် အသိအမြင်နဲ့ Local ပွဲအသိအမြင်တွေ မတူနိုင်လို့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာပါ။ ဒီပြိုင်ပွဲကို ချစ်ပရိသတ်တွေ အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ National Director ကိုသက်ထွေးဇော်က ပြောပါတယ်။