MT News
၂၄. ၅. ၂၀၂၃
ဆိုင်ကလုန်းမိုခါကြောင့် ထိခိုက်ရသူများအတွက် မေလ ၁၈ ရက်တွင် ဒေါ်လာနှစ်သိန်း ကူညီ ထောက်ပံ့သည့် အမေရိကန်ပြည်ထောင်စုအပေါ် အများက ဝေဖန် လှောင်ပြောင်ခံရမှုများရှိခဲ့ပြီးနောက် ယနေ့တွင် မြန်မာပြည်သူများအတွက် ဒေါ်လာ ၁၇ သန်းခန့် ထပ်တိုးကူညီမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ဆောင်ရွက်ရန် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ ၁၇ သန်းနီးပါးကို ထပ်တိုးကူညီသွားရန် အမေရိကန်ပြည်ထောင်စုကထုတ်ပြန်ခဲ့ပြီး အဆိုပါအကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတစ်ဆင့် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြောသည်။
အဆိုပါထောက်ပံ့မှုက အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် အကူအညီဖြစ်စေနိုင်မည်ဖြစ်သည်။ ထို့အတူ ထောက်ပံ့မှုအများဆုံးလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို အကူအညီပေးသည့်အဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန် အရေးကြီးသည်ဟုလည်း အမေရိကန်က ပြောသည်။