MT News
Written by Nay Aung
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံသည် မိုခါမုန်တိုင်းဒဏ် တွေ့ကြုံခံစားခဲ့ရသော မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို လွှဲပြောင်းပေးအပ်ကူညီခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
စင်ကာပူ လေတပ်(RSAF) မှ လေယာဉ်များသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးပစ္စည်းများကို ယူဆောင်လာပြီး မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ စင်ကာပူ ကာကွယ်ရေးဝန်ကြီး (Mindef) က စင်ကာပူလေတပ်မှ C-130 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စီးသည် မိုခါမုန်တိုင်းဒဏ်ခံမြန်မာပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးတင်ဆောင်ကာ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
စင်ကာပူအစိုးရသည် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန်အတွက် က်ြိုးပမ်းနေသော အာဆီယံလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ (AHA CENTRE)၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး ကြိုးပမ်းမှုများကို ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် အာဆီယံ၏လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး ကြိုးပမ်းမှုများအပေါ် ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလာကရစ်ချ်နန်ကပြောသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူနိုင်ငံအနေဖြင့် လာမည့်ရက်ပိုင်းတွင်လည်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ဆက်လက်ကူညီပံ့ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စင်ကာပူကြက်ခြေနီအဖွဲ့ (SRC)သည် မုန်တိုင်းဒဏ်ခံရသော မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၅ သောင်းနီးပါးတန်ဖိုးရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ထံ ကူညီလှူဒါန်းပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံကို မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အာဆီယံအဖွဲ့သည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပံ့ပိုးနိုင်ရန် ကြိုးပမ်းလျက်ရှိနေသည်။ ထို့အတူ “အာဆီယံအဖွဲ့က ‘One Asean One Response’ ချဉ်းကပ်မှုကိုအကောင်ထည်ဖော်ရန်နှင့် ထိခိုက်လွယ်သူများအပါအဝင် အကူအညီလိုအပ်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပံ့ပိုးပေးနိုင်ဖို့ ကြိုးပမ်းမည်ဖြစ်သည်” ဟုလည်း ပြောကြားခဲ့သည်။
Ref——–-mothership