MT News
Written by Min Mahar
မြင်းခြံမြို့နယ်၊ မြင်းခြံ-မြို့သာသွားကားလမ်း၊ ထိန်ပန်းကျေး ရွာလမ်းခွဲဆိုင်းဘုတ်အနီးတွင် မေလ ၂၃ ရက် မနက်ပိုင်းက လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ- မြို့သာသွားကားလမ်း၏ အရှေ့ဘက်ခြမ်း ထိန်ပန်းကျေးရွာလမ်းခွဲဆိုင်းဘုတ်အနီးတွင် မေလ ၂၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က အသက် ၅၆ နှစ်အရွယ်ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦးသည် လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး သေဆုံးနေကြောင်း သိရသည်။
သက်ဆိုင်ရာတာဝန်ရှိသူများကလည်း မည်သူမည်ဝါဖြစ်သည်ဟု မသိရှိရသောကြောင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ထိန်ပန်း၊ ယုန်ထိုး၊ ရွာသစ်နှင့် ဓူဝံ ကျေးရွာများအား လိုက်လံမေးမြန်းစုံစမ်းခဲ့သော်လည်း သေဆုံးသူအား သိရှိခြင်း မရှိသည့်အတွက် အလာင်းအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ယနေ့တွေ့ရှိခဲ့သောအလောင်းနေရာ၌ပင် ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့(တနင်္ဂနွေနေ့) ညနေပိုင်းကလည်း လက်ပြန်ကြိုးတုပ်ထားကာ ဝဲဘက်မျက်စိမှတစ်ဆင့် ပြန်ဖောက်ဝင်ပြီးဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့်သေဆုံးနေသည့်အသက် ၄၀ ကျော်အရွယ်ရှိ အမည်မသိအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
“ထိန်ပန်းကျေးရွာလမ်းခွဲဆိုင်းဘုတ်အနီးမှာ လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်နဲ့သေနေတဲ့ အမည်မသိအမျိုးသားအလောင်းတစ်လောင်းတွေ့တယ်လို့ရွာသားတစ်ဦးပြောလို့ သွားကြည့်တော့ ဟုတ်နေတယ်။ အလောင်းကဘယ်သူဘယ်ဝါဆိုတာတော့ အခုထိမသိရသေးပါဘူး။ အနီးပတ်ဝန်းကျင်ကရွာတွေကို လိုက်မေးခိုင်းတော့လည်း ဘယ်သူမှ မသိကြဘူးပြောတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့(မေလ ၂၁ ရက်နေ့)ကလည်း လက်ပြန်ကြိုးတုပ်ထားတဲ့အသက် ၄၀ ကျော်အမည်မသိအမျိုးသားတစ်ယောက်ရဲ့အလောင်းတစ်လောင်းကိုလည်း ဒီနေ့တွေ့တဲ့နေရာမှာပဲ တွေ့ခဲ့တာပါ။ အဲ့ဒီအလောင်းလည်းဘယ်ကမှန်းအခုထိမသိရပါဘူး”ဟု ထိန်ပန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး၏ပြောပြချက်အရ သိရသည်။