၂၄. ၅.၂၀၂၃
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ရှိ သီလရှင်ကျောင်းဝင်းအတွင်း ကုက္ကိုပင်လဲကျရာမှ လူတစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့်ဖြစ်စဥ်တစ်ခု ယမန်နေ့ မေလ ၂၃ ရက် ညနေ ၆ နရာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဥ်မှာ ညောင်လေးပင်မြို့ အရှေ့ဘက် (၅)ဖာလုံခန့်အကွာ ၊ ညောင်လေးပင်-မဒေါက်ကားလမ်းဘေး၊ မြို့မ(၁)ရပ်ကွက်၊ကမ္မဌာန်းကျောင်းတိုက်အတွင်းရှိ လုံးပတ်(၆)ပေ အမြင့်ပေ(၆၀)ခန့်ရှိ ကုက္ကိုပင်သည် မိုးသီးထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှူကြောင့် အမြစ်မှ ကျွတ်၍သီလရှင်ကျောင်းတိုက်ပေါ် လဲကျခဲ့ရာ အသက် ၁၈ နှစ်အရွယ် မပန်းအိဇင်မှာ ဦးခေါင်းသစ်ပင်ပိ၍ နေရာတင် သေဆုံးခဲ့ကြောင်းသိရသည်။
ထို့အပြင် ကျောင်းတိုက်ဝင်းအတွင်း သီတင်းသုံးနေထိုင်သော ဆရာလေး ဒေါ်နဒ္ဒမာလာမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ၊ အဆိုပါကျောင်းတိုက်အတွင်းနေထိုင်သော မောင်အောင်မင်းခန့်နှင့်မောင်တင်လင်းထိုက်တို့နှစ်ဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါဖြစ်စဥ်ကို ညောင်လေးပင်မီးသတ်မြို့နယ်မှူး ဦးကိုကိုဌေးနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရခြင်း အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီးထိခိုက်ဒဏ်ရာရသူများကိုကယ်ဆယ်၍ ညောင်လေးပင်ပြည်သူ့ဆေးရုံသို့တင်ပို့ပေးနိုင်ခဲ့ကာ သေဆုံးသူ ရုပ်အလောင်းကိုလည်း သစ်ပင်အောက်မှ ထုတ်ယူပေးခဲ့ကြောင်း သိရသည်။