၂၃. ၅. ၂၀၂၃
Written By Thandar
ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ အကယ်ဒမီ လူမင်းနဲ့ဇနီး ခင်စံပယ်ဦးတို့မိသားစုက ရန်ကုန်မြို့ ပုလဲမြို့သစ်ရှိ မြရွှေပင် သဒ္ဓမ္မသုခရိပ်သာ ကျောင်းတိုက်မှာ ဆောက်လုပ်မယ့် ‘အာယုသုခ’ ဆေးရုံအတွက် အလှူငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။
“ကိုလူမင်းက ဘာသာရေးကို အရမ်း ကိုင်းရှိုင်းတယ်။ ဇရာဆိုတာ အိုခြင်း သဘောတရားကို ဆောင်တဲ့အတွက် ဘယ်လောက်ပဲ ဆံပင်တွေ ဖြူနေပေမယ် သူ့နှလုံးသားကလည်း ဖြူစင်နေတယ်” လို့ အဆိုပါ ကျောင်းက ဆရာတော်က မိန့်ကြားခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို အကယ်ဒမီလူမင်းနဲ့ ဇနီး ခင်စံပယ်ဦး၊ သရုပ်ဆောင် ထွန်းကိုကို၊ အဆိုတော် ပိုပို အပါအဝင် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များစွာတက်ရောက်ခဲ့ကြပြီး ကျပ်သိန်း ၁၀၀ ကို မေလ ၂၃ ရက်နေ့က လှူဒါန်းခဲ့တာဖြစ်ပါတယ်။
မြရွှေပင် သဒ္ဓမ္မသုခရိပ်သာ ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဒေါက်တာအရှင်ခေမာသီရိ (လှတော ဆရာတော်) ရဲ့ အသက် ၅၆ နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာနဲ့ အာယုပါလအောက်ဆီဂျင် စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။