၂၃. ၅. ၂၀၂၃
Written by Min Mahar
ရွှေဘိုမြို့နယ် ရပ်/ကျေးစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အမည်မသိသေနတ်သမား ၂ ဦးက နေအိမ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်သတ်မှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မေလ ၂၃ ရက် မနက် ၉ နာရီထိုးခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဝန်တော်အိမ်ရပ်တွင် နေထိုင်သည့် အသက် ၄၀ ကျော် မြို့နယ် ရပ်/ကျေးစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ၎င်း၏ညီဖြစ်သူနှင့်အတူနေအိမ်အတွင်း၌ စကားပြောနေစဉ်အတွင်း အမည်မသိအမျိုးသား ၂ ဦးက ဂျာလင်းစူပါကပ်အနက်ရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ကယ်မောင်းသူက နေအိမ်ရှေ့တွင် ရပ်စောင့်နေကာ အနောက်မှာလိုက်ပါလာသူက နေအိမ်အတွင်းဝင်၍ ရပ်/ကျေးစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား သေနတ်ဖြင့် ၁ ချက်ပစ်သတ်ခဲ့ပြီး အိမ်အပြင်သို့ အရောက်တွင်ထပ်မံ၍သေနတ် ၂ ချက်ပစ်ဖောက်ကာ ရွှေဘို-ရေဦးသွားကားလမ်းအတိုင်း ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
” ဒီနေ့မနက် ၉ နာရီထိုးက အိမ်မှာ အကိုနဲ့စကားထိုင်ပြောနေတုန်း အိမ်ရှေ့ကို အမည်မသိအမျိုးသား ၂ ယောက်က ဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီး အနောက်ကထိုင်လိုက်လာသူက အိမ်ထဲဝင်လာပြီး အကိုကို သေနတ်နဲ့တစ်ချက်ပစ်ပြီးတော့ အိမ်ထဲကနေ အပြင်ကိုပြန်ထွက်သွားပြီး နောက်ထပ် သေနတ် ၂ ချက်ပစ်ဖောက်သွားတယ်။ ဆိုင်ကယ်မောင်းသူက အသက် ၄၀ လောက်ရှိပြီး အသားညိုညို ခန္ဓာကိုယ်တောင့်တောင့်နဲ့။ သူကဆိုင်ကယ်မှာ အသင့်စောင့်ကျန်နေခဲ့ပြီးတော့ အနောက်ကထိုင်လိုက်လာတဲ့ အသက် ၂၀ လောက် ခန္ဓာကိုယ်အသင့်တင့်နဲ့ အသားညိုတဲ့သူက အိမ်ထဲဝင်ပစ်သွားတာပါ။ အကိုကဆေးရုံရောက်တော့ သေသွားတာပဲ”ဟု အခင်းဖြစ်ရာတွင် အတူရှိနေသည့် ညီဖြစ်သူ၏ပြောပြချက်အရ သိရသည်။
အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဥက္ကဋ္ဌမှာ နောက်ကျောဝဲဘက်မှ ဖောက်ဝင်ပြီးရှေ့ယာဘက်ရင်အုံကို ပြန်လည်ဖောက်ထွက်သွားသည့် ဒဏ်ရာရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးမော်တော်ယာဉ်ဖြင့် ရွှေဘိုမြို့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး တရားခံများအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။