MT News
Written By Thandar
သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးပူးပေါင်းပြီး သုံးရက်တိုင်တိုင်ဖျော်ဖြေမဲ့ ရန်ပုံငွေပဒေသာကပွဲမှာ မင်းသားဖိုးချစ်နဲ့ နာမည်ကြီး အနုပညာရှင်အတတ် ပညာရှင်တွေ ပါဝင်ကပြဖျော်ဖြေမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။
ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပမယ့် ဆိုင်ကလုန်းမုန် တိုင်းမိုခါကြောင့် သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံး ပူးပေါင်းပြီး ရန်ပုံငွေပဒေသာ ကပွဲနဲ့ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းတဲ့ အစည်းအဝေးကို မေလ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။
“မိုခါမုန်တိုင်းသင့်ပြည်သူတွေကို ထောက်ပံ့လှူဒါန်းဖို့အတွက် မင်းသားဖိုးချစ်ကလည်း ပါဝင်ကပြမှာပါ။ လက်ရှိ အစည်းအရုံးကို လာဖို့ရှိပေမယ့် SSC ဆေးခန်းပြနေရလို့ပြောပါတယ်။ တချို့အစီအစဥ်တွေက သူ့ အစီအစဥ်တွေ ပါပါတယ်။ ဘုရားကန်တော့ခန်းတို့ သူ့သီချင်းတွေ စပ်မယ်ပြောတယ်။ ကျွန်တော်တို့ အားလုံးအတွက် သီချင်းစပ်ပေးမယ် ။ လက်မှတ်စျေးနှုန်းလည်း သတ်မှတ်ချက်တွေ လုပ်နေပါတယ်။ လာကြည့်မယ့် ပရိသတ်တွေ ဝန်လေးနေမှာဆိုးလို့ စျေးနှုန်းကို အဆင်ပြေအောင် သတ်မှတ်လိုက်တာပါ”လို့ ဦးကြည်စိုးထွန်းက ပြောပါတယ်။
ဇွန်လ၂ ရက် ကနေ ဇွန်လ ၄ ရက်နေ့အထိ နေ့စဥ် ညနေ ၆နာရီမှာ ကပြဖျော်ဖြေမယ့် ပဒေသာကပွဲ လက်မှတ်တွေကို VIP အတန်းအနေနဲ့ စျေးနှုန်းသီးသန့်ရှိပြီး ကျပ် ၃၀၀၀၀ ၊ ကျပ် ၂၀၀၀၀ ၊ ကျပ် ၁၀၀၀၀ နဲ့ ကျပ် ၅၀၀၀ လက်မှတ်ခတွေလည်း သတ်မှတ်ထားပြီး ဒီလက်မှတ်တွေကို Hot Line 09880896957 နဲ့ 09880896955 က ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
“မိုခါမုန်တိုင်းသင့်ပဒေသာကပွဲလုပ်တဲ့အခါမှာ အနုပညာရှင်များစွာ ပါဝင်တဲ့အတွက် ရုပ်ရှင် သဘင် ဂီတ ထက် ဟာသအနုပညာရှင်တွေလည်းပါတော့ ဝမ်းသာတယ်။ ကျွန်တော်ကတော့ သဘင်ဘက်က ကနေတဲ့ မင်းသားတစ်ယောက်အနေနဲ့ ကပြရေးဆိုင်ရာမှာ ကျွန်တော်တတ်တဲ့အနုပညာနဲ့ပါဝင်ပေးပါမယ်။ ဒါပေမယ့် သဘင်ပညာရှင်တွေ လက်အောက်က မဟုတ်ဘဲ မိုခါမုန်တိုင်းလက်အောက်ကပဲ အလုပ်လုပ်နေပါတယ်”လို့ မင်းသားတင်မောင်စန်းမင်းဝင်းက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း ၊ နာယကကြီး ဦးအောင်လွင်၊ လူရွှင်တော်များအသင်းက ငြိမ်းချမ်း ၊ ဂီတအစည်းအရုံး (ဗဟို) အတွင်းရေးမှုး ဦးမြင့်အောင်၊ မြန်မာနိုင်ငံသဘင်ပညာရှင်များအသင်းက တင်မောင်စန်းမင်းဝင်းနဲ့ ပတ္တမြားကေခိုင် ၊ ဝေဠုကျော် ဖောင်ဒေးရှင်းက ဝေဠုကျော်၊ အကယ်ဒမီ ရန်အောင် ၊ အကယ်ဒမီ ရဲအောင် ၊ အကယ်ဒမီ စိုးမြတ်သူဇာ ၊ နေထက်လင်း ၊ သာထက် ၊ ရိုတ ၊ ဒါရိုက်တာအကယ်ဒမီ ညွန့် မြန်မာညီညီအောင် ၊ ဒါရိုက်တာညိုမင်းလွင် ၊ ဆောင်းအိန္ဒြေထွန်း ၊ ပွင့်နဒီမောင် ၊ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ၊ ခိုင်နှင်းဝေ ၊ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက တာဝန်ရှိသူတွေ ၊ Channel လိုင်းအသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ပြီး ဆွေးနွေးခဲ့ကြပါတယ် ။
“ပဒေသာကပွဲက ပျော်ပွဲရွှင်ပွဲမဟုတ်ပါဘူး။ ကုန်ကျစရိတ်အတတ်နိုင်ဆုံး သက်သာအောင် ကျွန်တော်တို့ ခြိုးခြံချွေတာရပါတယ်။ အနုပညာရှင် စုံစုံလင်လင်နဲ့ အားလုံးတက်ညီလက်ညီပါဝင်ဖို့ စည်းရုံးရပါမယ်။ ပထမရက်မှာ သဘောက အငြိမ့်နဲ့ ပိတ်မယ်။ ဒုတိယရက်မှာ ရုပ်ရှင်အစည်းအရုံးက ပြဇာတ်တစ်ခုနဲ့ပိတ်မယ်။ တတိယရက်မှာ ဇာတ်သဘင် နှစ်ပါးသွားနဲ့ပိတ်မယ်။ အဲဒီလိုအကြမ်းဖျင်းစီစဥ်ထားပါတယ်။ အဓိက အလှူငွေ ဘယ်လို ကောက်ခံရမလဲ။ အလှူငွေဘယ်လိုရနိုင်မလဲ။ များများစားစား ထိထိရောက်ရောက်လှူနိုင်အောင် ကျွန်တော်တို့ စုပေါင်းလုပ်ရမှာဖြစ်ပါတယ်။ ပျော်ပွဲရွှင်ပွဲမဟုတ်ဘူး။ ဒုက္ခရောက်နေသူတွေကို အနုပညာရှင်တွေက တတ်စွမ်းပညာနဲ့အလုပ်လုပ်ရမှာဖြစ်ပါ
တယ်။ ဆဲတဲ့သူတွေရော မဆဲတဲ့သူတွေရော အကုန်လုံးအတွက် အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်”လို့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က ပြောပါတယ်။