၂၃. ၅. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဖီချစ်ပြည်နယ်၊ ဆန်ငမ်ခရိုင်အတွင်းရှိ ဘန်နိုအင်ပိုကျောင်း(Ban Noen Po School) တွင် မေလ ၂၂ ရက် ညနေပိုင်းက အင်အားအလွန်ပြင်းထန်သော မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်သွားခဲ့ရာ ကျောင်းအားကစားကျင်းပရေးရုံပြိုကျ၍ ကျောင်းသားခုနှစ်ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဆန်ငမ်ခရိုင်အတွင်း နေရာအနှံ့အပြား၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မုန်တိုင်းက ဝင်ရောက်တိုက်ခတ်သွားခဲ့ခြင်းဖြစ်သည်။ အားကစားရုံက ဘော်လီဘောကွင်း တစ်ခု၊ ဖူဆယ်ကွင်းတစ်ခုနှင့် အခြားအားကစားနည်းများအတွက် နေရာများလည်းပါဝင်ကာ လေပွေက အားကစားရုံ၏ သတ္တုအမိုးများကို ရိုက်ခတ်သဖြင့် အားကစားရုံတစ်ခုလုံး ရုတ်တရက်ပြိုကျခဲ့ပြီး ထိုအချိန်က အားကစားရုံအတွင်း ကစားနေကြသော ကျောင်းသားများ ထိခိုက်သေဆုံးခဲ့ကြရခြင်းဖြစ်သည်။
အားကစားရုံပြိုကျမှုကြောင့် ကျောင်းသားခြောက်ဦးနေရာတွင်ပင် သေဆုံးကာ ၁၉ ဦးဒဏ်ရာရခဲ့ကြောင်း အစောပိုင်းသတင်းများကဖော်ပြခဲ့သည်။ ဒဏ်ရာရသူများအနက် ခုနှစ်ဦးမှာ စိုးရိမ်ရကြောင်းလည်း သိရသည်။ ဒဏ်ရာရသူများအား ဆန်နမ်၊ ဗာဂျီရာ ဘာရာမီ နှင့် ဖီချစ်ဆေးရုံများသို့ တင်ပို့ခဲ့ကြရသည်။ ဒဏ်ရာ ရသူများအနက် ခြောက်နှစ်အရွယ်ကျောင်းသားတစ်ဦးမှာ မေလ ၂၃ ရက် နံနက် ၁ နာရီခွဲတွင် ဖီချစ်ဆေးရုံ၌ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူကျောင်းသားစုစုပေါင်း ခုနှစ်ဦး၊ ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့သည်။
မုန်တိုင်းက နိုအင်ပို ခရိုင်ခွဲအတွင်း အိမ်အချို့ကိုလည်း အမိုးများလန်သွားစေခဲ့သည်ဟု သတင်းများက ဆိုသည်။
ဖီချစ်ပြည်နယ်အုပ်ချုပ်ရေးမှူး ပါရွန် အဆာဗာ ပီချာရွန်၊ ခရိုင်အကြီးအကဲ ဆူပါချုပ် ဆီလိပါခွန် နှင့် နိုအင်ပိုခရိုင်ခွဲ စည်ပင်သာယာအကြီးအကဲကန်နီကာ တို့က မုန်တိုင်းတိုက်ခတ်ပြီးနောက် ကျောင်းသို့အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ မုန်တိုင်းကြောင့် နယ်မြေအတွင်း စုစုပေါင်းထိခိုက်သေဆုံးရသူအရေအတွက်အား စစ်ဆေးကောက်ယူဆဲဖြစ်ကြောင်း သိရသည်။
Ref——Bangkok Post