၂၂. ၅. ၂၀၂၃
Written by Ye Kyaw
မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံ ပြုပြင်ခြင်းလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီး ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးနိုင်ရေး ဝန်ကြီးဌာနမှ အင်ဂျင်နီယာနှင့် ကျွမ်းကျင်လုပ်သားအင်အား ၅၆၇ ဦးတို့ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်များ လဲပြိုပျက်စီးခဲ့မှုကို အစားထိုးပြုပြင်ခြင်းလုပ်ငန်းများကို မေလ ၂၁ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းတွင် တာဝါတိုင်ပေါင်း (၄၄၈) တိုင်ရှိသည့်အနက် ပြိုကျပျက်စီးခဲ့သည့် တာဝါတိုင် (၁၂) တိုင် ၊ တာဝါထိပ်ပိုင်း ပျက်စီးခဲ့သည့် (၂)တိုင် ၊ စုစုပေါင်း(၁၄)တိုင် အစားထိုး ပြုပြင်ခြင်း ၊ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း – စစ်တွေ အမှတ်(၁)ဓာတ်အားလိုင်းတွင် ကွန်ကရစ် တိုင်ပေါင်း(၈၁၂)တိုင်ရှိသည့်အနက် ပြိုကျပျက်စီးခဲ့သော(၁၀၆)တိုင် ဦးစားပေးပြုပြင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာများ ပြင်ဆင် နေမှုနှင့် အစားထိုးပြုပြင်ရမည့် တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိနေမှုအခြေအနေများကို ဒုတိယဝန်ကြီး ဦအေးကျော်က သွားရောက်စစ်ဆေးခဲ့သည်။