MT News
Written by Nay Moe
မုံရွာသပိတ်ခေါင်းဆောင် ဝေမိုးနိုင်အား နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် နောက်ထပ် ထောင်ဒဏ် နှစ်(၂၀) ချမှတ်လိုက်ကြောင်း သိရသည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
ဝေမိုးနိုင်ကို ဖမ်းဆီးထားသည့် ပုဒ်မများအနက် ပုဒ်မ ၅၀၅-(က) ဖြင့် အမှုခြောက်မှုအတွက် ထောင်ဒဏ် (၁၂) နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် ထောင် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇ တို့ဖြင့် ထောင် အနှစ် (၂၀) ချမှတ်ထားရာ ယခု ပုဒ်မ ၁၂၂ ဖြင့် အနှစ် (၂၀) ဆိုလျှင် စုစုပေါင်း (၅၄) နှစ်ထိ ရှိလာပြီဖြစ်ပြီး လူသတ်မှုများမှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။
မုံရွာသပိတ်ခေါင်းဆောင်ဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ်တွင် ဆန္ဒပြနေချိန် ကားဖြင့်တိုက်ဖမ်းဆီးခဲ့ပြီး ၎င်းကျုးလွန်ခဲ့သည့်လုပ်ရပ်များအဖြစ် ကိုနေလမိုးအမည်ရှိ အမျိုးသားတစ်ဦးကို ဒလန်ဟုစွပ်စွဲကာတက်တူးထိုးပြီး ပိုင်ဆိုင်မှုများသိမ်းကာ ထိုသူ၏မိသားစုကိုငှားနေသည့်အိမ်မှ နယ်နှင်ဒဏ်ပေးသည်ဆိုကာနှင်ချခြင်း၊ ပုလဲနှင့်ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်ရာတွင် ဦးဆောင်ပါဝင်ခြင်း၊ မုံရွာမှ ဆန္ဒပြလူငယ်များကို လက်နက်ကိုင်များဖြင့် ချိတ်ဆက်ပေးကာ ဖောက်ခွဲရေးသင်တန်းများ တက်ရောက်စေခြင်းစသည့် ပြစ်မှုများ ကျုးလွန်ခဲ့သည်ဟု ထိုစဥ်က သတင်းထုတ်ပြန်ချက်များအရ သိရသည်။