၂၀. ၅. ၂၀၂၃
Written by Nyein Kyaw
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မိုခါမုန်တိုင်းဒဏ်ခံရသော မြန်မာနိုင်ငံ သဘာဝဘေးသင့် ပြည်သူများအတွက် ယွမ်တစ်သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများကို မေလ၂၀ ရက်တွင် လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သံရုံးအား ကျေးဇူးတင်လွှာပေးအပ်ပြီး တရုတ်နိုင်ငံ အပါအဝင် ချစ်ကြည်ရင်းနှီးသောနိုင်ငံများနှင့် အဖွဲ့အစည်းများမှ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွင် အကူအညီပေးသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော မြန်မာနိုင်ငံ သဘာဝဘေးသင့်ပြည်သူများအတွက် ယွမ် ၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများတွင် ခေါက်ဆွဲခြောက် ၉၃၀ ပုံး၊ ဘီစကစ် ၄၁၇ ပုံး၊ သောက်သုံးရေ ၃၆၆၇ ပုံး ပါဝင်ပြီး လှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ သံရုံး ယာယီတာဝန်ခံ Mr. Jia Junjie တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုအတွက် သံရုံးကိုယ်စား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံမှ တတ်နိုင်သမျှ ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက်ပြီး မြန်မာပြည်သူများ ပုံမှန် ထုတ်လုပ်မှု၊ လူနေမှုဘဝကို အမြန်ဆုံး ပြန်လည်ရရှိလာစေရန် ကူညီပေးမယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ Mr. Jia Junjie က ပြောသည်။
ယခုအကြိမ် လှူဒါန်းမှုသည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ထင်ဟပ်နေကြောင်း၊ မြန်မာပြည်သူများ အခက်အခဲများကို သေချာပေါက် အနိုင်ယူနိုင်မည်ဟု ယုံကြည်ကြောင်း Mr. Jia Junjie က ပြောသည်။
လတ်တလောတွင် POWERCHINA ၊ CITIC ၊ PetroChina ၊ VPower ၊ Conch Cement စသည့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများမှ သဘာဝဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် ငွေသားများ လှူဒါန်းခဲ့ပြီး သဘာဝဘေးသင့်ဒေသများ၏ လမ်းများ၊ လျှပ်စစ်၊ ဆက်သွယ်ရေး စသည့် အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိပါကြောင်း သိရသည်။