MT News
Translated by Htwe Ko Tun
စိတ်ရောဂါဆိုင်ရာ ပြဿနာတစ်စုံတစ်ရာခံစားနေရသည်ဟု ယူဆရသော လူတစ်ဦးမောင်းနှင်လာသည့် ကားတစ်စီးက ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန်နန်းတော်အဝင်ဝကို မေလ ၁၈ ရက်ညက တစ်ဟုန်ထိုးဖြတ်သန်းမောင်းနှင်ကာ အစောင့်ရဲများထံ ဖမ်းဆီးခံခြင်းမပြုမီ အစောင့်များအားဖြတ်ကျော်ကာ နန်းတော်ဝင်းအတွင်းထိပင် ရောက်ရှိခဲ့ကြောင်း သိရသည်။
ဗာတီကန်နန်းတော်၏အစောင့်ရဲများက အရှိန်ဖြင့်မောင်းနှင်လာသောကား၏ အရှေ့တာယာများသို့ သေနတ်ဖြင့်တစ်ချက်ပစ်ခတ်မှုပြုခဲ့သည်။ သို့သော်ကားက အတွင်းပိုင်းထိ ဆက်လက်မောင်းနှင် ဝင်ရောက်သွားနိုင်သေးကြောင်း ဗာတီကန်သတင်းပြန်ကြားရေးရုံးက မေလ ၁၈ ညပိုင်း၌ ထုတ်ပြန်ခဲ့သောကြေညာချက်တွင် ဖော်ပြခဲ့သည်။
ကားက Apostolic Palace နန်းတော်၏ San Damaso ဝင်းအတွင်းထိရောက်ရှိပြီးသည်တွင် ကားမောင်းသူကချက်ချင်းဆိုသလိုပင် တံခါးဖွင့်ထွက်လာခဲ့ကာ ဗာတီကန်အစောင့်ရဲများထံ အဖမ်းခံခဲ့သည်။ ၎င်းက အသက် ၄၀ နှစ်ခန့်ရှိကာ စိတ်ရောဂါဝေဒနာတစ်စုံတစ်ရာခံစားနေရပုံရသည်ဟုလည်း အစောင့်ရဲများကဆိုသည်။ ၎င်းအား ဗာတီကန်နန်းတော်အတွင်း တန်းလျားများ၌ ဖမ်းဆီးထားကြောင်း လည်း သိရသည်။
ထိုအဖြစ်အပျက်ဖြစ်ပွားစဉ် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နန်းတော်အတွင်း ရှိမရှိ ရှင်းလင်းသေချာစွာမသိရသေးပေ။ရောမမြို့၏အလယ်ဗဟိုတွင်ရှိသော ဗာတီကန်နန်းတော်၏ အဓိကအဝင်ဝဂိတ် တံခါးများအနက် Santa Anna အဝင်ဝတွင် မေလ ၁၈ ရက် ည ၈ နာရီက ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Ref–AP