၂၀. ၅. ၂၀၂၃
Written by Pan Ei
၂၀၁၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်မင်းသားကြီး ဂျက်ကီချန်းနဲ့ ဂျေဒမ်စမစ်တို့ရဲ့ The Karate Kid ရုပ်ရှင်ကို Sony Pictures ကနေ ပြန်လည်ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး အဆိုပါရုပ်ရှင်သစ်မှာ ပါဝင်ရိုက်ကူးဖို့ ဂျက်ကီချန်းနဲ့ ဆွေးနွေးနေလျက်ရှိကာ ပြန်လည်ပါဝင်လာနိုင်ကြောင်း Discussing Film ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မြန်မာပရိသတ်တွေကြားမှာသာမကဘဲ တစ်ကမ္ဘာလုံးက ပရိသတ်တွေ နှစ်သက်ကြပြီး နာမည်ကြီးတဲ့ The Karate Kid ရုပ်ရှင်မှာ ဂျက်ကီချန်းက ဂျေဒမ်စမစ်ရဲ့ အသက် ၁၂ နှစ်အရွယ် ဇာတ်ကောင် Dre Parker ကို လမ်းညွှန်သင်ကြားပေးတဲ့ ကွန်ဖူးဆရာတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခြင်းပညာကို သင်ကြားပေးတဲ့ မစ္စတာဟန်နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Discussing Film ရဲ့ ဖော်ပြချက်အရ ဂန္ထဝင်အက်ရှင်မင်းသား ဂျက်ကီချန်းဟာ ၁၉၈၄ ထုတ် မူရင်း The Karate Kid ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတဲ့ ၂၀၁၀ ပြည့်နှစ်ထွက် The Karate Kid က မစ္စတာဟန် ရဲ့ အခန်းကဏ္ဍကို ပြန်လည်သရုပ်ဆောင်ဖို့ မျှော်လင့်ထားကြောင်း သိရပြီး ဂျေဒမ်စမစ်အနေနဲ့လည်း The Karate Kid ရုပ်ရှင်သစ်မှာ ပြန်လည်ပါဝင်လာနိုင်မလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
Sony Pictures က ဂျက်ကီချန်းရဲ့ ဇာတ်ကားမှာ ပါဝင်မယ့် အတိုင်းအတာကို အသေးစိတ်ထုတ်ဖော်ပြောဆိုတာတွေမရှိသေးပေမဲ့ Karate Kid ရုပ်ရှင်သစ်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဂျက်ကီချန်းရဲ့ နာမည်ကြီး ရုပ်ရှင်ဖြစ်တဲ့ ၂၀၀၅ ခုနှစ်ထွက် The Myth ကလည်း နောက်ဆက်တွဲရုပ်ရှင်ထွက်ဖို့ရှိနေပြီး နောက်ဆုံးထွက်ရုပ်ရှင်ဖြစ်တဲ့ Ride On က အခုလက်ရှိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ ပြသလျက်ရှိနေပါတယ်။
Ref; Yahoo News