◾️ လူသားတို့နှင့် အနီးစပ်ဆုံးမျိုးနွယ်ဖြစ်သည့် ချင်ပန်ဇီများ၌လည်း နှုတ်ခမ်းချင်းတေ့နမ်းသည့် အလေ့အထ တွေ့ရှိရ
၂၀. ၅. ၂၀၂၃
Translated by Htwe Ko Tun
လူသားတို့သမိုင်းတွင် ရှေးအကျဆုံးသော လူနေမှုအဖွဲ့အစည်းဖြစ်သည့် မက်ဆိုပိုတေးမီးယား လူနေမှုအဖွဲ့အစည်းများလက်ထက်ကပင် လူသားတို့အကြား တစ်ဦးနှင့်တစ်ဦးနှုတ်ခမ်းချင်းတေ့၍ နမ်းသည့် အလေ့အထကို ပြုခဲ့ကြသည်ဟု တွေ့ရှိရကြောင်း လေ့လာသူသိပ္ပံပညာရှင်များက ပြောကြားချက်ကို Sky News သတင်းဌာနက မေလ ၁၈ ရက်တွင်ဖော်ပြခဲ့သည်။
၎င်းက လွန်ခဲ့သော နှစ်ပေါင်း ၄,၅၀၀ ဝန်းကျင် ကာလကဖြစ်ပြီး မူလက ယူဆထားသည်ထက် နှစ်ပေါင်း ၁,၀၀၀ ခန့်ပို၍စောကြောင်းလည်း ၎င်းတို့က ပြောခဲ့သည်။
အစောဆုံးသော မက်ဆိုပိုတေးမီးယား လူမှုအဖွဲ့အစည်းများ ထွန်းကားခဲ့ရာ အီရတ်နှင့်ဆီးရီးယားနိုင်ငံများတွင် တွေ့ရသည့် ရွှံ့ပြားများ၌တွေ့ရှိရမှုများအရ ထိုခေတ်ကာလကပင် လူသားတို့အကြား တစ်ဦးနှင့်တစ်ဦး နှုတ်ခမ်းတေ့၍နမ်းသည့် အလေ့အထကို ပြုခဲ့ကြသည်ဟု ပညာရှင်များက ပြောကြားခဲ့ကြခြင်းလည်းဖြစ်သည်။
ထိုမတိုင်မီကမူ ပညာရှင်တို့က လူသားတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်အချိန်မှစ၍ တောင်အာရှဒေသတွင် တစ်ဦးကိုတစ်ဦး နှုတ်ခမ်းချင်းတေ့နမ်းမှု စတင်ပြုခဲ့ကြသည်ဟု ယူဆထားခဲ့ကြသည်။ ထို့ပြင် ကိုပင်ဟေဂင်တက္ကသိုလ်မှလေ့လာသူများက ထိုအလေ့အထက သတ်မှတ်ဒေသတစ်ခုအတွင်း သီးခြားစတင် ဖြစ်ပေါ်ခဲ့သည်ဆိုသည်မျိုးထက်ယဉ်ကျေးမှုများစွာတွင်ပင် စတင်ကျင့်သုံးခဲ့ကြခြင်းဟု ယူဆရကြောင်းလည်း ပြောခဲ့ကြသည်။
ယနေ့ခေတ်တွင် အီရတ်နှင့်ဆီးရီးယားနိုင်ငံတို့တည်ရှိရာ ဖြစ်သော ယူဖရေးတီးမြစ်နှင့် တီးဂရီးစ်မြစ်တို့အကြား ရှေးခေတ် မက်ဆိုပိုတေးမီးယားလူ့အဖွဲ့အစည်း ထွန်းကားရာနေရာ၌ တွေ့ရှိရသောရွှံ့ပြားများက ပညာရှင်တို့ ထိုသို့ပြောကြားနိုင်ရန် သက်သေအထောက်အထားများလည်း ဖြစ်ခဲ့သည်။ ဘီစီ ၁၈၀၀ ခုနှစ်မှစ၍ ဘေဘီလုံးနီးယန်းခေတ် ရွှံ့ပြားများပေါ်တွင် စုံတွဲများ နှုတ်ခမ်းချင်းတေ့နမ်းနေသည့်ပုံများပုံ ဖော်ထားသည်ကို တွေ့ခဲ့ရသည်။
လူသားတို့နှင့် မျိုးနွယ်အနီးစပ်ဆုံးသတ္တဝါများလည်းဖြစ်သည့် ချင်ပန်ဇီနှင့် ချင်ပန်ဇီလူပုမျိုးဟုလည်း ခေါ်ကြသည့် ဘိုနိုဘို(Bonobos) သတ္တဝါများကို လေ့လာချက်များအရလည်း ၎င်းတို့တွင် နှုတ်ခမ်းချင်းတေ့၍ နမ်းမှုပြုခဲ့ကြသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ထိုအလေ့အထက လူသားတို့တွင်သာမဟုတ် လူသားတို့နှင့်နီးစပ်သော သတ္တဝါမျိုးနွယ်စုများ၌ပါ တွေ့ရှိခဲ့ရသည်ဟု ဆိုရပေမည်။
Ref——Sky News