၂၀. ၅. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၌ ယမန်နေ့ မေလ ၁၉ ရက် ညနေပိုင်းက မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်သဖြင့် ၆ ထပ်တိုက် အဆောက်အဦ၏ Penthouse အမိုးတစ်ခု ပြုတ်ကျခဲ့ကာ အောက်တွင်ရပ်ထားသည့် ကားနှစ်စီးပေါ် ပိသဖြင့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ကမ္ဘာအေးဘုရားလမ်းအနီး၊ စိမ်းလဲ့မေရိပ်သာလမ်းရှိ ၆ ထပ်တိုက်အဆောက်အဦတစ်ခု၏ ပေ ၇၀ ခန့်ရှိသော အမိုးတစ်ခုမှာ လေနှင့်အတူ အောက်သိုလွင့်ကာ အနီးရှိ Mercure ဟိုတယ်ရှေ့သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
“အမိုးကိုင်းကြီးလန်ပြီး အောက်က မူလီစုပ်ထားတဲ့ အင်္ဂတေအုတ်ပါ အတုံးလိုက်ကျွတ်ပါသွားတာ။ အချပ်လိုက် အောက်ပြုတ်ကျတာမှာ Mercure ဟိုတယ်ရှေ့အုန်းထန်းပင်တွေ ကြားညပ်သွားလို့။ နို့မို့ဆို ဟိုတယ်ထဲကျတယ်။ ဒါတောင် ဟိုတယ်ထဲ ကွန်ကရစ်တုံးဝင်သွားသေးတယ်။ ကားနှစ်စီး ထိခိုက်တယ်လို့တော့ပြောပေမယ့် ဆိုးဆိုးရွားရွား ပျက်စီးတာမျိုး မဟုတ်ဘူး၊ သံဖရိန်တွေ ကားပေါ်ကျတာ။ လူပေါ်ကျရင်တော့ အသေပဲ”ဟု ကူညီရှင်းလင်းပေးခဲ့သည့် ပရဟိတလူငယ်များ ပရဟိတအသင်းမှ ကိုရွှေမိုးအောင်က MT News သို့ ပြောသည်။
အလားတူ ရန်ကင်း၌ ယမန်နေ့ ညနေက လေပြင်းတိုက်ခတ်သဖြင့် အရှေ့မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံရဲဝန်းရှိ သစ်ပင်အချို့လဲကျမှု၊ စွန်းလွန်းဂူကျောင်းလမ်းထိပ်၌ သစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှု၊ ပြည်သာယာလမ်းနှင့် သီရိရတနာလမ်းထိပ်ရှိ အပင်လဲကျကာ လမ်းပိတ်ဆို့မှု၊ အမှတ် ၁၂ ရပ်ကွက် သံလမ်းဘေးရှိ ညောင်ပင်တစ်ပင် တိုက်တစ်လုံးပေါ် ပိကျကာ အနီးရှိ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး ပူးပေါင်းအဖွဲ့များက ရှင်းလင်းရေး လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ယခုနှစ်အတွင်း အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် မုတ်သုံရာသီလေသည် မြန်မာပြည်တောင်ပိုင်းဒေသများကို မေလ ၂၂-၂၃-၂၄ ရက်များဝန်းကျင်၌ စတင်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း မေလအကုန်-ဇွန်လဆန်းပိုင်းအတွင်း မြန်မာပြည်အလယ်ပိုင်းဒေသများအထိ ရောက်ရှိလာနိုင်မည့် အနောက်တောင်မုတ်သုံလေနှင့်အတူ မုတ်သုံမိုး ရွာသွန်းမှုများ စတင်လာနိုင်ဖွယ်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ စောင့်ကြည့်လေ့လာခန့်မှန်းသူ ဦးဝင်းနိုင်က ပြောသည်။