◾️ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) မေ ၁၈ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် ကူညီခွင့် ရရှိ
၂၀. ၅. ၂၀၂၃
Written by Nay Aung
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လျက်ရှိနေသော ရခိုင်ပြည်နယ်ရှိ ဈေးအချို့ ပြန်ဖွင့်လှစ်ခဲ့သော်လည်း ဈေးနှုန်းများ ပိုမိုမြင့်တက်လျက်ရှိနေကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိအချိန်တွင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းများသည် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်ခံပြည်သူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရန်အတွက် အကဲဖြတ်ခြင်းများ၊ အကူအညီပေးခြင်းများကို တတ်စွမ်းသမျှ လုပ်ကိုင်ပေးလျက်ရှိနေကြာင်း သိရသည်။
ကုလသမဂ္ဂ၏ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေး ပူးပေါင်းဆောင်ရွက်မှုရုံး (OCHA) က တာပေါ်လင်များ၊ အလူမီနီယံများ၊ သံများ စသော အခြေခံအိမ်ဆောက်ပစ္စည်းများ၏ ဈေးနှုန်းများ ပိုမိုမြင့်တက်လျက်ရှိနေကြောင်း တာပေါ်လင်တစ်ရွက်သည် မုန်တိုင်းမဖြစ်ပွားခင်က မြန်မာကျပ်ငွေ ၄၀၀၀၀ သာပေါက်ဈေးရှိသော်လည်း လက်ရှိအချိန်အတွင် တာပေါ်လင် တစ်ရွက်ကို မြန်မာကျပ်ငွေ ၉၇၀၀၀ အထိပေါက်ဈေးရှိနေကြောင်း၊ ဖော်ပြထားသည်။ ထို့အပြင် ဆန်တစ်အိတ်ဈေးနှုန်းသည် မုန်တိုင်းမဖြစ်ပွားခင်က မြန်မာကျပ်ငွေ ၈၀၀၀၀ ခန့်သာရှိသော်လည်း လက်ရှိအချိန်တွင် ဆန်တစ်အိမ်ဈေးနှုန်းက မြန်မာကျပ်ငွေ ၁၂၀၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများတက်ခြင်းက မိသားစုများသူများအတွက် အခက်ခဲများစွာဖြစ်စေခဲ့ကြောင်း OCHA က ဆိုသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးအိမ် ပျက်စီးခဲ့ရသူများသည် လက်ရှိအချိန်တွင် ဘုန်းကြီးကျောင်းများ၊ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရပြီး အဆိုပါအိုးအိမ်ပျက်စီးခဲ့သူများသည် ၎င်းတို့အိမ်များကို ပြန်လည်တည်ဆောက်ရန် အခက်အခဲများဖြစ်နေကြောင်း သိရသည်။
ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP သည် မေလ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ ဘူသီးတောင်၊ မောင်းတော၊ မြေပုံမြို့များသို့ လူသားချင်းဆိုင်ရာစာနာမှုအကူညီများ ဖြန့်ဝေပေးရန် ခွင့်ပြုချက်ရရှိခဲ့ကြောင်းသိရသည်။ မေလ ၁၈ရက်နေ့တွင် လောင်စာဆီများ စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး စက်သုံးစီအရောင်းဆိုင်များကို ဖြန့်ဝေပေးထားသောကြောင့် လောင်စာဆီဈေးနှုန်းများ ဈေးတက်ခြင်းမျိုးမရှိဘဲ တစ်လီတာကို မြန်မာကျပ်ငွေ ၂၂၀၀ ကျပ်ဝန်းကျင်သာရှိကြောင်း ကုလသမဂ္ဂကဆိုသည်။ သို့သော်လည်း လောင်စာဆီများ လိုအပ်မှုများရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ကျန်းမာရေးဝန်ဆောင်မှုများစသော အများပြည်သူနှင့် သက်ဆိုင်သောလုပ်ငန်းများလုပ်ကိုင်ရန် လောင်စာဆီလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
Ref——––UN