၂၀. ၅. ၂၀၂၃
Written by Hey Mar
နေစရာမရှိသဖြင့် နေစရာပေးကာ အိမ်ပေါ်ခေါ်တင်ထားသည့် ဧည့်သည်ဖြစ်သူမှ အိမ်ရှင်အိပ်ပျော်နေစဥ် ပေါက်ချွန်းဖြင့်ခုတ်သဖြင့် ဒဏ်ရာပြင်းထန်စွာရရှိသည့်ဖြစ်စဥ် ယမန်နေ့ မေလ ၁၉ ရက် ညနေ ၅ နာရီအချိန်ခန့်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံမြို့၊ မြို့မ (၄)ရပ်ကွက်၊ စိန်ချယ် (၁၅)လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် အသက် ၃၄ နှစ်အရွယ် အိမ်ရှင် အမျိုးသားမှာ လည်ပင်းပေါက်ထွက်ဒဏ်ရာရရှိခဲ့သဖြင့် မုဒုံမြို့ပြည်သူဆေးရုံသို့ အရေးပေါ်လူနာအဖြစ် တင်ပို့ပေးခဲ့ရကြောင်း ဇီဝိတအလင်းဖောင်ဒေးရှင်း ပရဟိတအသင်းမှ သိရသည်။
“လူနာက လည်ပင်း ခုတ်ထွင်း ပွင့်ထွက်ဒဏ်ရာ ရရှိနေတာကိုတွေ့ရလို့ သွေးထပ်မံမထွက်အောင် ပွင့်ထွက်ဒဏ်ရာကို ပိတ်အောင်လုပ်ပေးပြီး မုဒုံမြို့ပြည်သူဆေးရုံ ကို အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီကမှတစ်ဆင့် မော်လမြိုင်ပြည်သူဆေးရုံကို လွှဲလို့ ပို့ပေးခဲ့ရပါတယ်”ဟု အသင်းတာဝန်ရှိသူမှ ပြောသည်။
ဖြစ်စဥ်အကျဥ်းမှာ လွန်ခဲ့သော ၁၀ ရက်ခန့်က နေစရာမရှိ၍ အခက်အခဲဖြစ်နေသူ ဧရာဝတီတိုင်း၌ နေထိုင်သူ အမျိုးသားမိတ်ဆွေတစ်ဦးအား ယခု ထိခိုက်ဒဏ်ရာရရှိသော တစ်ဦးတည်းနေထိုင်သည့်အမျိုးသားမှ အဆင်ပြေစွာနေထိုင်နိုင်ရန် မိမိအိမ်၌ ခေါ်တင်ထားစဉ် မေလ ၁၉ ရက် ညနေ ၅ နာရီခန့်၌ အိမ်ရှင် အိပ်ပျော်နေစဉ် လည်ပင်းအား ပေါက်ချွန်းဖြင့် ခုတ်၍ အခင်းဖြစ်နေရပ်မှ ထွက်ပြေးသွားသည်ဟု သိရသည်။ ကနဦးစုံစမ်းချက်အရ အရက်ကြောင်ကာ ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျုးလွန်သူအား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ အမြန်ဖမ်းဆီးရမိရေး တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။