MT News
Written by Thetteant
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား ချင်းကာကွယ်ရေးတပ် (CDF) အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးသတ်ယာဥ်နှစ်စီးလောင်ကျွမ်းပျက်စီးခဲ့သည်ဟု SAC က အောက်တိုဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ယနေ့နံနက် ၃ နာရီခန့်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ထာရ်(၁)ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးအား CDF များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ် တိုက်ခိုက်ပြီး မော်တော်ယာဉ်များအား မီးရှို့ခဲ့သဖြင့် အဆိုပါအနီးတစ်ဝိုက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ကာ CDF များ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မီးရှို့ဖျက်ဆီးမှုကြောင့် မီးသတ်ရုံးအတွင်းရှိ မီးသတ်ယာဉ် ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည့် CDF များအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။