◾လူနေအိမ် ၂ သိန်းခန့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွက် ကျပ် သိန်း ၂၂၀ ထောက်ပံ့မှု တစ်အိမ် ကျပ် ၁၁၀ သာ ထောက်ပံ့မှု ရရှိထား
၂၀. ၅. ၂၀၂၃
Written by Nay Moe
မေလ ၁၄ ရက်က ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၅ သန်းကျော် ထိခိုက်ခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့အစည်းများက ခန့်မှန်းထားသည့် မိုခါဆိုင်ကလုန်းဘေးဒဏ်ခံ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်မှ ပြည်သူများအတွက် NUG က ငါးရက်အတွင်း ကျပ် ၈၄၈ သိန်းကျော် ထောက်ပံ့ထားသည်ဟု မေ ၁၉ ရက်က ပြုလုပ်သည့် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်မြိုနယ်တာဝန်ခံများပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေးမှ သိရသည်။
NUG အနေဖြင့် မိုခါဆိုင်ကလုန်းမုန်တိုင်းတုံ့ပြန်ရေးအတွက်အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းထားပြီး သက်ဆိုင်ရာကဏ္ဍအလိုက်အဖွဲ့(Task Forces) များက မြေပြင်လိုအပ်ချက်များအားအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တက်ရောက်လာကြသူများက လူသေဆုံးမှု၊ လူနေအိမ် အဆောက်အအုံပျက်စီးဆုံးမှု၊ အိမ်မွေးတိရိစ္ဆာန်များသေဆုံးမှု၊ စိုက်ပျိုးသီးနှံများပျက်စီးမှု၊ လျှပ်စစ်မီးတိုင်များ၊ စာသင်ကျောင်းနှင့် လမ်းတံတားပျက်စီးမှု စသည်တို့အားမြို့နယ်အလိုက်တင်ပြဆွေးနွေးတင်ပြကြရာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(၄)မြို့နယ်၌ စိုက်ပျိုးသီးနှံ (စပါး၊ ပဲတီစိမ်း၊ မတ်ပဲနှင့်နှမ်း) ဧကပေါင်း (၄၂,၅၂၇)ဧက ရေလွှမ်းပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွင်းရှိ(၉) မြို့နယ်၌ တိရိစ္ဆာန် (ကျွဲ၊နွား၊ သိုး၊ဆိတ်) အကောင်ရေ (၂,၃၄၆) ကောင် ထိခိုက်သေဆုံးခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း (၁၃)မြို့နယ်တွင် နေအိမ်(၄၉)လုံးနှင့် မကွေးတိုင်း(၁၁) မြို့နယ်တွင် နေအိမ် (၉၁)လုံး အမိုးလန်ပြိုကျပျက်စီးခဲ့ကြောင်း၊ ထို့အပြင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွင်းရှိ လူဦးရေ (၂၄၅,၉၅၁)ဦးမှာလည်း အမိုးအကာနှင့် အရေးပေါ်စားနပ်ရိက္ခာ လိုအပ်လျက်ရှိကြောင်း သိရှိရသည်ဟု တင်ပြကြသည်။
NUG အနေဖြင့် မေလ ၁၉ ရက်နေ့အထိ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရ်(ကော့ပဇား-ရိုဟင်ဂျာဒုက္ခသည်စခန်း)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ မုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များအတွက် ငွေ (၈၄,၈၅၇,၀၀၀)ကျပ် ထောက်ပံ့ပြီးဖြစ်ရာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အတွက်ငွေ (၃၅,၁၅၇,၀၀) ကျပ်ကို ထောက်ပံ့နိုင်ခဲ့သည်။
ထို့အတူ နေအိမ် နှစ်သိန်းခန့်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွက် ကျပ် သိန်း ၂၂၀ ထောက်ပံ့ထားရာ နေအိမ်တစ်လုံး ကျပ် ၁၁၀ ခန့် ပျမ်းမျှရရှိမည်ဖြစ်သည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများအတွက် ကျပ် ၇၆ သိန်း၊ ချင်းပြည်နယ်အတွက် ကျပ် သိန်း ၁၀၀၊ Arakan Heritage Foundation သို့ ကျပ်သိန်း ၁၀၀၊ ရန်ကုန်အတွက် ကျပ်တစ်သိန်း ထောက်ပံ့သည်ဟုဆိုသည်။