MT News
၁၉. ၅. ၂၀၂၃
နိုင်ငံ၏ မြန်မာ့သမိုင်းနှင့် တပ်မတော်၏ သမိုင်းသည် ဒွန်တွဲလျက်ရှိနေခြင်းကို သိရှိနားလည်ပြီး နိုင်ငံ၏ အကျိုးစီးပွားကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏ အဆိုးမြင်အယူအဆများကို တွန်းလှန်ဖယ်ရှားနိုင်ကြရန် စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေမှသာ မီဒီယာအပါအဝင် အဘက်ဘက်က ထိုးနှက်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ကအားထားရသည့် မျိုးဆက်သစ်မောင်မယ်များ ဖြစ်လာကြမည်ပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း (အကြီးတန်းအဆင့်)နှင့် (အငယ်တန်းအဆင့်)(၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူ များနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတပစ္စည်းများ မည်မျှပင် ပေါကြွယ်ဝစေကာမူ ထိထိရောက်ရောက်ပုံဖော်အသုံးချနိုင်စွမ်း မရှိလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်သည်လည်း နှေးကွေးတတ်ကြပြီး မိမိတို့နိုင်ငံသည် ရာသီဥတု သာယာမျှတမှု၊ ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင် တည်ရှိနေမှု၊ ရာသီဥတု သုံးမျိုးစလုံးနှင့် ကိုက်ညီစွာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ရေခံမြေခံကောင်းများ ရှိပြီးဖြစ်ကြောင်း၊ ယခုလိုအခြေခံကောင်းများကို အကျိုးရှိစွာ အသုံးချနိုင်ရန် လူသားအရင်းအမြစ်များရှိမှသာ တိုင်းပြည်၏ စီးပွားသည်လည်း ယခုထက်မက အဆပေါင်းများစွာ တိုးပွားလာမှာပင်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ ပထမအရွယ်သာရှိနေကြသည့် ကျောင်းသားလူငယ်များအနေဖြင့် ပညာကို ကောင်းစွာသင်ကြားကြရမည့်အချိန်အခါတွင် မိမိစိတ်ကို ပျက်စီးလေလွင့်စေမည့် တခြားအရာများနှင့် မပတ်သက်မိအောင် သတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် မိမိ၏ ကျန်းမာရေးကို လျစ်လျူရှုနေထိုင်မှုမျိုးများ မဖြစ်စေရန်လည်း အရေးကြီးကြောင်း၊ “အာရောဂျံ ပရမံ လာဘံ” ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဖြစ်ခြင်းကြောင့် အကျိုးမရှိသည့် ကွမ်း၊ ဆေး၊ အရက် စသည့် မူးယစ်ဆေးဝါး အခြေခံ အမူအကျင့်များကို ရှောင်ရှားကြရန်လိုအပ်ကြောင်း၊ လူငယ်များ၏ စာရိတ္တမဏ္ဍိုင်ပျက်စီး ယိုယွင်းမှု ဇာစ်မြစ်ကို ဖော်ထုတ်လိုက်ပါက မူးယစ်ဆေးဝါးသည် အဓိကတရားခံဖြစ်ခြင်းကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ မိမိအလိုရှိရာကို စိတ်သွားတိုင်းကိုယ်ပါ စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ် ကြံ့ခိုင်သန်မာအောင် ကိုယ်လက်လှုပ်ရှား အားကစားများကို ပြုလုပ်ကြရန်လိုအပ်မည်ပင်ဖြစ်ကြောင်း၊ ကြံ့ခိုင်သန်စွမ်းပြီး ထက်မြက်သည့် ကာယအား၊ ဉာဏအားများနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာက ပါဝင်နိုင်ရေး ကြိုးစားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
အလားတူ ကျောင်းသားလူငယ်တို့သည် အမိနိုင်ငံတော်ကြီးထဲတွင် မွေးဖွားသူများဖြစ်သည်နှင့်အညီ အမိနိုင်ငံတော်ကြီး၏ သမိုင်းကြောင်းအစဉ်အလာများကို ကောင်းစွာသိရှိ နားလည်ထားကြရန် လိုအပ်ကြောင်း၊ နိုင်ငံ၏ မြန်မာ့သမိုင်းနှင့် တပ်မတော်၏ သမိုင်းသည် ဒွန်တွဲလျက်ရှိနေခြင်းကို သိရှိနားလည်ပြီး နိုင်ငံ၏ အကျိုးစီးပွားကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏ အဆိုးမြင်အယူအဆများကို တွန်းလှန်ဖယ်ရှားနိုင်ကြရန် စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေကြရမည် ဖြစ်ကြောင်း၊ သို့မှလည်း မီဒီယာအပါအဝင် အဘက်ဘက်က ထိုးနှက်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်မည် ဖြစ်ပြီး တိုင်းပြည်ကအားထားရသည့် မျိုးဆက်သစ်မောင်မယ်များ ဖြစ်လာကြမည်ပင်ဖြစ်ကြောင်းလည်း ပြောကြားသည်။