၁၉. ၅. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အင်ဗာတာဖြင့်အားသွင်းထားသည့်ဘတ္ထရီအိုးအပူလွန်ကဲရာမှ ဘတ္ထရီအိုးပွင့်ထွက်ကာ အနီးရှိအဝတ်အထည်များ မီးကူးစက်ပြီး အထည်ဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းမှု ယနေ့နံနက် အရုဏ်မတက်ခင်က ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မေလ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်ရှိ စိန်မိုက်ကယ်ချာ့ချ်ကျောင်းပိုင် ၁၀×၃၀ ပေ RC လေးထပ်အဆောက်အဦ၏ မြေညီထပ်တွင်ငှားရမ်းဖွင့်လှစ်ထားသည့် “ဝါဝါဝင်း”အထည်ဆိုင်အတွင်း၌ အင်ဗာတာဖြင့် အားသွင်းထားသည့်ဘတ္ထရီအိုး အပူလွန်ကဲရာမှ Overload ဖြစ်ပြီးဘတ္ထရီအိုးပွင့်ထွက်သွားကာ အနီးရှိအဝတ်အထည်များ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းနှင့်အတွင်းရှိ အဝတ်အထည်များအပြင် အခြားသောအတွင်းပစ္စည်းများပါ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ အောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်ခိုင် ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ အရံမီးသတ် တပ်ဖွဲ့ဝင် ၃၀ ဦးတို့နှင့်အတူ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သီရိမာလာအရှေ့အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အောင်မြေသာစံအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မင်းတဲအီကင်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မေဃဂီရိအရန်မီးသတ်စခန်းမှရေသယ်ယာဉ် ၁ စီး၊ သီရိမာလာအနောက် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ပုလဲငွေရောင် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၂ စီးနှင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တို့မှ ဝိုင်းဝန်းကာ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အထည်ဆိုင်ငှားရမ်းဖွင့်လှစ်ထားသည့် ၃၉ နှစ်အရွယ် အမျိုး သမီးအား မီးပေါ့ဆစွာသုံးစွဲခဲ့သဖြင့် အမှတ်(၅) နယ်မြေရဲစခန်းတွင် ( ပ- ၉၃ / ၂၀၂၃)၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။