၁၉. ၅. ၂၀၂၃
Written by Ye Kyaw
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၏ ရန်ကုန်နှင့် မန္တလေးမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ် ခရီးစဥ်အသစ်ကို ဇွန်လ ၁၅ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး တစ်ပတ်ကို ငါးရက် ပြေးဆွဲပေးမည်ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။
“ရန်ကုန်ကနေလည်း တိုက်ရိုက်ရှိတယ်။ မန္တလေးကနေလည်း တိုက်ရိုက်ရှိတယ်။ သုဝဏ္ဏဘူမိဆိုရင် နေ့တိုင်းရှိတယ်။ ဒွန်မောင်းကတော့ သောကြာနဲ့ တနင်္ဂနွေ နှစ်ရက်ကလွဲလို့ ကျန်တဲ့ရက်တွေမှာရှိမယ်” ဟု MAI မှ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်နှင့် မန္တလေးမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ အသုံးအဆောင်ပစ္စည်းသယ်ယူမှု ကီလို ၃၀ နှင့် အစားအသောက်အပါအဝင်ကို ၆၁ ဒေါ်လာမှ စတင်ဝယ်ယူနိုင်ကြောင်း MAI မှ သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အနေဖြင့် နိုင်ငံတကာခရီးစဥ်အသစ်များကို တိုးချဲ့ပြေးဆွဲလျက်ရှိပြီး ရန်ကုန်မှ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့သို့ ခရီးစဥ်အသစ်ကိုလည်း ပြီးခဲ့သည့် မေလ ၆ ရက်မှစတင်၍ ပျံသန်းပြေးဆွဲပေးလျက်ရှိပြီး ယခုမေလအတွင်း စင်ကာပူ၊ ဆိုးလ်-အင်ချွန်းမြို့နှင့် ဒူဘိုင်းများသို့ လေကြောင်းခရီးစဥ် ပျံသန်းမှုများကို အကြိမ်ရေတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)အနေဖြင့် ရန်ကုန်နှင့် မန္တလေး မြို့ကြီးနှစ်ခုကို အခြေပြု၍ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ တရုတ်၊ ယူအေအီး၊ အိန္ဒိယ အပါအဝင် မြို့ပေါင်း ၂၇ မြို့တို့ကို လေယာဥ် ၁၀ စီးဖြင့် ပျံသန်းပြေးဆွဲပေးနေခြင်းဖြစ်သည်။