၁၉. ၅. ၂၀၂၃
Written By Thandar
မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့က ရွှေရောင်စုံပရိယတ္တိစာသင်တိုက်အတွက် အလှူငွေနဲ့ လက်ဖက်တို့ကို လှူဒါန်းခဲ့တယ်လို့ သရုပ်ဆောင် မှူးထိပ်ထားက MT News ကို ပြောပါတယ်။
“မှူးက မိုခါမုန်တိုင်းဖြစ်တယ်ကြားထဲက လှူချင်နေတာပါ။ ဦးဆွေကလည်း Post တင်ထားတယ် လှူတန်းဖို့လေ။ အစပိုင်းကတော့ လက်ဖက်ထုပ်လေးတွေပဲ လှူမယ်လို့ လုပ်ထားတာပါ။ ရွှေရောင်စုံပရိယတ္တိ စာသင်တိုက်လေးကလည်း ပျက်စီးသွားတယ်ဆိုတော့ မှူး ငွေအား တတ်နိုင်တဲ့ဘက်က လှူလိုက်တာပါ။ ကိုယ်တိုင် သွားရောက် လှူဒါန်းနိုင်တာတော့ ကောင်းတာပေါ့။ မှူးတို့လည်း တတ်နိုင်ရင် ကိုယ်တိုင်သွားလှူချင်တာပါ။ မှူးတို့ သွားဖို့အခက်အခဲတချို့ ရှိတာကြောင့် တကယ့် တကယ်တမ်းသွားရောက် လှူပေးနေတဲ့သူ ရှိတာတော့ ကောင်းပါတယ်။ ခုကတော့ ကိုနေတိုးဆီမှာ မှူးလှူဖြစ်လိုက်တယ်”လို့ သရုပ်ဆောင် မှူးထိပ်ထားက MT News ကို ပြောပါတယ်။
အဆိုပါ မြို့နယ်ရှိ မုန်တိုင်းဘေးဒဏ်သင့် ရွှေရောင်စုံပရိယတ္တိစာသင်တိုက်နဲ့ ပြည်သူတွေအတွက်လည်း ဦးဆွေနဲ့ ရောင်းရင်းတွေက ကျပ်၂ သိန်း ၊ သရုပ်ဆောင် မှုးထိပ်ထားက ကျပ် ၂ သိန်းနဲ့ မထွေးလေး လက်ဖက်နဲ့ အကြော်စုံ မိသားစုတွေက ထပ်ဆင့်အကယ်ဒမီ နေတိုးဆီကတစ်ဆင့် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။ လက်ဖက်ထုပ်လှူဒါန်းရာမှာလည်း ဦးဆွေနှင့်မိတ်ဆွေတွေက တန်ဖိုးငွေ (၁၃)သိန်းကျော်တဲ့ မထွေးလေးလက်ဖက်နဲ့အကြော်စုံ အထုတ်ရေ ၂၇၀၀ လှုခဲ့သလို မထွေးလေးလက်ဖက်နှင့်အကြော်စုံ မိသားစုကလည်း အထုပ်ရေ (၃၀၀) တန်ဖိုးငွေ (၁) သိန်းကျော်ဖိုး လှူဒါန်းခဲ့ကြပါတယ်။
“မှူးတို့ တခြား အဖွဲ့အစည်းတွေကိုလည်း လှူဖြစ်ပါတယ်။ အလှူလာခံတဲ့ သူတွေကိုလည်း မှူးတတ်နိုင်တဲ့ဘက်ကလှူဖြစ်တယ်။ အသိ သူငယ်ချင်းတွေနဲ့ ပေါင်းပြီးတော့ အဝတ်အစားတွေ လိုအပ်တာ တချို့ဝယ်လှူဖို့လည်း စီစဥ်နေပါတယ်။ အမြန်ဆုံးလည်း ပြန်လည်ထူထောင်နိုင်ပါစေ။ ကိုယ့်သွေးသားရင်းတွေဆိုတော့ အကုန်ခက်ခဲနေတာမို့ မှူးတို့က တတ်နိုင်တဲ့ အင်အားလေးနဲ့ ကူညီပေးမှာပါ။ မိသားစုတွေ ကွဲကွာနေကြသူတွေလည်း အမြန်ဆုံး ပြန်လည်ဆုံစည်းကြပါစေ”လို့ သူမကဆက်ပြောပါတယ်။