၁၉. ၅.၂၀၂၃
Written by Nay Moe
မေလ ၁၈ ရက် နေ့လည် ၃ နာရီခန့်က ပဲခူးတိုင်း၊ တောင်ငူမြို့အကျဉ်းထောင်တွင် ထောင်တွင်းတရားရုံး၌ ရုံးထုတ်စဥ် အကျဉ်းထောင်လုံခြုံရေးများဆီက သေနတ်လုထွက်ပြေးသည့် အကျဉ်းသား ၁၀ ဦးအနက် ၉ ဦးမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်သည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကားကာ Burma Human Rights Network က ဖော်ပြထားသည်။
PDF များ ယူဂျီများ ထောက်ပို့များ စသည့်အကြမ်းဖက်ပုဒ်မများဖြင့် သေဒဏ်ချမှတ်ခံထားရသည့် သေဒဏ်ကျတရားခံများပါဝင်သော ထောင်ဖောက်ပြေးသူ ၁၀ ဦးသည် အကျဉ်းထောင်မှ လွတ်မြောက်ရန်ကြိုးပမ်းစဥ် အပြန်အလှန် ပစ်ခတ်မှုဖြစ်စဥ်အတွင်း၌ အကျဉ်းသား ၁ ဦး သေဆုံးခဲ့သည်။ ထို့အတူ အကျဉ်းထောင်လုံခြုံရေးယူနေသည့် ပညာရေး (၅) မှ တပ်ကြပ်မောင်မျိုး သေဆုံးကာ တပ်ကြပ်ကြီး ကျော်မြင့် ဒဏ်ရာရရှိခဲ့သလို သေနတ်အတို ၁ လက်၊ အရှည် ၃ လက် ရယူလာခဲ့သည်ဟုလည်း Burma Human Rights Network က ဖော်ပြထားပြီး ထို ၉ ဦးကို ပဲခူးတိုင်းအတွင်းရှိ PDF အဖွဲ့များက သွားရောက်ကြိုဆိုခဲ့သည်ဟုလည်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ တောင်ငူအကျဥ်းထောင်တွင်း ဖွင့်လှစ်ထားသည့် အထူးတရားရုံးသို့ တရားခံ ၄၂ ဦးကိုမေလ ၁၈ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ဒုရဲအုပ်အေးသော် ဦးစီးသည့်အဖွဲ့က ရုံးထုတ်ရာ နေ့လည် ၂ နာရီ ၅၅ မိနစ်အချိန်တွင် အထူးတရားရုံးအချုပ်ခန်းမှ အချုပ်တရားခံ ကျား (၆) ဦး၊ နောက်မှုထုတ်ရသည့် ကျား (၁)ဦး၊ နောက်မှုထုတ်ရသည့် သေဒဏ်ကျတရားခံ ကျား (၂) ဦးနှင့် မ (၁) ဦးတို့သည် ရုတ်တရက် အချုပ်ခန်းတံခါးအား ခြေထောက်ဖြင့် ကန်ကြောက် ရိုက်ဖြတ်၍ အတင်းတိုးထွက်ပြီး လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်များ လုယူ၍ ထွက်ပြေးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားခြင်း အကျဥ်းထောင်လုံခြုံရေးတာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်အဖွဲ့များမှ လိုက်လံဖမ်းဆီးခဲ့ရာ စစ်မှုထမ်းဟောင်း တပ်ကြပ်ကြီး ကျော်မြင့်မှာ ဒူးခေါင်းတွင် သေနတ်ဒဏ်ရာရရှိ၍ ပညာရေး (၅) တပ်မှ တပ်ကြပ်မောင်မျိုးမှာ ပေါင်ရင်းသို့ သေနတ်ထိမှန်ပြီး သေဆုံးခဲ့သည်ဟု သိရသည်။
ထွက်ပြေးသည့် တရားခံများထံသို့ အကျဥ်းထောင် အထူးရုံး လုံခြုံရေးတာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့ထံမှ ခြောက်လုံးပြူး (၁) လက်နှင့် ကျည် (၆) တောင့်၊ G-3 (၁) လက်၊ ကျည် (၁၅) တောင့်နှင့် တပ်မတော် လုံခြုံရေးတပ်ဖွဲ့ထံမှ ကာဘိုင် (၁) လက်၊ အမ်အေ-၁ (၁) လက်ပါ ရယူသွားကြောင်း သိရသည်။
ထိုဖြစ်စဥ်ဖြစ်ပွားချိန် ထောင်ဝန်ထမ်းများမှ ချက်ချင်း ထောင်ပိတ်၍ အကျဥ်းထောင်လုံခြုံရေး ကျိုးပေါက်မှုမရှိအောင် ထိန်းသိမ်းနိုင်ခဲ့သည်ဟုလည်း သိရသည်။ ထိုတောင်ငူအကျဥ်းထောင်သည် သမ္မတဟောင်းဦးဝင်းမြင့်အား ရွှေ့ပြောင်းဖမ်းဆီးထားရာ အကျဥ်းထောင်ဖြစ်ကြောင်းလည်း သိရသည်။
Ref & Photo – Burma Human Rights Network