၁၉. ၅. ၂၀၂၃
Written by Nay Aung
စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာအိမ်အကူအမျိုးသမီးသည် အိမ်ရှင်၏ယောက္ခမဖြစ်သူကို ဓားဖြင့်ထိုးကာ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူတရားရုံးချုပ်က ဆုံးဖြတ်လိုက်သည်။
စင်ကာပူတရားရုံးချုပ်သည် အဆိုပါအမှုကို နှစ်အတန်ကြာ စစ်ဆေးခဲ့ပြီးနောက် မေလ ၁၈ ရက်နေ့တွင် လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသား ဇင်မာနွေးအမည်ရှိ အမျိုးသမီးသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ရန်ရောက်လာခဲ့ပြီး ယင်းအချိန်က ၎င်း၏အသက်သည် ၁၇ နှစ်သာရှိသေးကြောင်း စင်ကာပူအာဏာပိုင်များက ပြောသည်။ အိမ်ရှင်ဖြစ်သူ၏ ယောက္ခမဖြစ်သော အသက် ၇၀ အရွယ်ရှိအမျိုးသမီးကြီးသည် မြန်မာအိမ်အကူအမျိုးသမီးကို မြန်မာနိုင်ငံသို့ ပြန်ပို့ပစ်မည်ဟု ခြိမ်းခြောက်မှုများရှိခဲ့ပြီးနောက် လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဇင်မာနွေးသည် ၂၀၁၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် Mr S အမည်ရှိအမျိုးသမီး၏အိမ်တွင် စတင်အလုပ်လုပ်ကိုင်ခဲ့ရာ အလုပ်စတင်လုပ်ချိန်က အိမ်ရှင်တွင် မိသားစုဝင်လေးဦးသာရှိခဲ့ပြီး အိမ်ရှင်၏ အိန္ဒိယနိုင်ငံနေ ယောက္ခမဖြစ်သူသည် သူမသမီးဖြစ်သူ၏အိမ်တွင် တစ်လကြာနေထိုင်ရန် စင်ကာပူနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က အိမ်တွင် မြန်မာအိမ်အကူအမျိုးသမီးနှင့် အိမ်ရှင်၏ယောက္ခမဖြစ်သူတို့ နှစ်ဦးတည်းသာရှိနေခဲ့ပြီး မြန်မာအိမ်အကူအမျိုးသမီး မဇင်မာနွေးက မီးဖိုချောင်မှ ဓားကိုယူကာ အသက် ၇၀ အရွယ်ရှိ အမျိုးသမီးကြီးကို အချက်ပေါင်းများစွာထိုးခဲ့ကြောင်း စင်ကာပူအာဏာပိုင်များက ပြောသည်။
မဇင်မာနွေးသည် အိမ်ရှင်၏ယောက္ခမဖြစ်သူကို ဓားဖြင့်ထိုးခဲ့ပြီးနောက် ငွေအချို့ယူဆောင်ကာ သူမ၏အလုပ်အေဂျင်စီထံသွားရောက်၍ နိုင်ငံကူးလက်မှတ်တောင်းဆိုခဲ့ရာ ဝန်ထမ်းများရောက်ရှိလာသောကြောင့် ထွက်ပြေးခဲ့ရပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့၏ အဖမ်းခံရခြင်းဖြစ်ကြောင်း စင်ကာပူတရားရုံးချုပ်၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
မဇင်မာနွေးသည် ဖမ်းဆီးခံရပြီးနောက် အိမ်ရှင်၏ ယောက္ခမဖြစ်သူကို ဓားဖြင့်ထိုးခဲ့ခြင်းကို ကနဦးငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် ဝန်ခံခဲ့ကြောင်း စင်ကာပူတရားရုံးချုပ်တာဝန်ရှိသူများက ပြောသည်။ လက်ရှိအချိန် အသက် ၂၃ နှစ် အရွယ်ရှိနေသော မဇင်မာနွေးက အိမ်ရှင်၏ယောက္ခမဖြစ်သူသည် ၎င်းအပေါ် ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခဲ့သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင့် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
မဇင်မာနွေးက အိမ်ရှင်၏ယောက္ခမဖြစ်သူသည် အိမ်ကိုရောက်ရှိလာခဲ့ပြီးနောက်ပိုင်း သူမကို ရိုက်နှက်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ သူမအနေဖြင့် အဆိုပါအသက် ၇၀ အရွယ်ရှိ အမျိုးသမီးဖြစ်လိုသောအရာများကို နားလည်နိုင်ခြင်းမရှိသည့်အချိန်တိုင်း ရိုက်နှက်ခံရခြင်းမျိုးများရှိခဲ့ကြောင်း တရားရုံးချုပ်တွင် ဝန်ခံပြောဆိုထားသည်။
စင်ကာပူတရားရုံးချုပ်သည် အသက် ၇၀ အရွယ်ရှိ စင်ကာပူအိမ်ရှင်၏ ယောက္ခမဖြစ်သူ ဓားဖြင့်ထိုးခံရသောအမှုကို လူသတ်မှုအဖြစ် သတ်မှတ်ခဲ့သော်လည်းပြစ်ဒဏ်ကို အပြီးသတ်အမိန့်ချမှတ်ခြင်းမျိုးမရှိသေးဘဲ မကြာမီ ချမှတ်သွားဖွယ်ရှိနေကြောင်း သိရသည်။ မြန်မာအိမ်အကူအမျိုးသမီး မဇင်မာနွေးသည် အဆိုပါအမှုနှင့်ပတ်သက်ပြီး သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေကြောင်း သိရသည်။ သို့သော်လည်း စင်ကာပူအစိုးရ၏ရှေ့နေဖြစ်သူ Kumaresan Gohulabalan က အဆိုပါ တရားစွဲဆိုမှုတွင် သေဒဏ်အပြစ်ပေး၍ မရနိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။
Ref——–straitstimes