၁၉. ၅. ၂၀၂၃
Written by Pan Ei
တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး ဒိတ်ဒိတ်ကြဲအဖွဲ့တွေက အဖွဲ့ဝင်ဖြစ်ကြတဲ့ BTS အဖွဲ့ဝင် V နဲ့ Blackpink အဖွဲ့ဝင် Jennie တို့နှစ်ဦးရဲ့ ပါရီမြို့မှာ လက်ချင်းတွဲကာ ချိန်းတွေ့နေကြတဲ့ ပုံတွေနဲ့ ဗီဒီယိုတွေ အင်တာနက်ပေါ်မှာ ဒီရက်ပိုင်းအတိုင်း ပျံ့နှံ့လာခဲ့ပြီးနောက် V နဲ့ Jennie တိုရဲ့ အေဂျင်စီတွေ ဖြစ်ကြတဲ့ HYBE နဲ့ YG အင်တာတိန်းမန့်တို့က စာထုတ်ပြန်ခဲ့ကြပါတယ်။
မနှစ်ကလည်း V နဲ့ Jennie တို့ရဲ့ ဂျယ်ဂျူကျွန်းမှာ ချိန်းတွေ့ကြတဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး သူတို့နှစ်ဦးတွဲနေကြတယ်လို့ ကောလာဟလ သတင်းတွေ ထွက်ရှိပြီး တစ်နှစ်အကြာမှာလည်း အခုလို ကောလာဟလသတင်းတွေ ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါ ကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး သူတို့နှစ်ဦးရဲ့ အေဂျင်စီတွေဖြစ်ကြတဲ့ HYBE နဲ့ YG အင်တာတိန်းမန့်က “အနုပညာရှင်တွေရဲ့ သီးသန့်ဘဝတွေဖြစ်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ ခက်ခဲပါတယ်။” လို့ ထုတ်ပြန်ခဲ့သလို ကာယကံရှင်နှစ်ဦးကလည်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
V နဲ့ Jennie တို့လို့ ယူဆရသူနှစ်ဦးရဲ့ ချိန်းတွေ့နေပုံတွေကို ရိုက်ကူးနိုင်ခဲ့တဲ့ ပါရီမြို့က ဓာတ်ပုံဆရာ Amar Taoualit ကတော့ V နှင့် Jennie အစစ်အမှန်ဖြစ်ကြောင်း အခိုင်အမာဆိုခဲ့ပြီး အင်တာနက်ပေါ် မျှဝေခဲ့တာပါ။
အဆိုပါကောလာဟလသတင်းတွေ ထွက်ရှိပြီးနောက် ဝမ်းသာဂုဏ်ပြုကြတဲ့ ပရိတ်သတ်တွေရှိသလို အချို့ကလည်း အခြားသူတွေက Cosplay လုပ်တာသာဖြစ်နိုင်ပြီး အနုပညာရှင်အစစ်နှစ်ဦး မဖြစ်နိုင်ကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။
Ref; Pinkvilla