◾️ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုတိုးချဲ့ ရေး ဆွေးနွေး
MT News
၁၉. ၅. ၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. CHUM Angvichet သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်ဟု သိရသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုနှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နေမှုအပေါ် ကမ္ဘောဒီးယားနိုင်ငံမှ ယုံကြည်မှုရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှိးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားချိန်၌ ကမ္ဘောဒီးယားနိုင်ငံမှ အကူအညီများပေးခဲ့မှုနှင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ထပ်မံပေးအပ်သွားမည့် အခြေအနေ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုတိုးချဲ့ရေး ကိစ္စရပ်များ၊ သာသနာရေး၊ ပညာရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်း နှီးနှီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။