MT News
Written by Pan Ei
တောင်ကိုရီးယား နာမည်ကျော်အမျိုးသားအဆိုရှင်အဖွဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Chen ဟာ လမ်းပေါ်မှာ အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူလေးတစ်ဦးကို သူရဲကောင်းတစ်ယောက်လိုမျိုး ကယ်တင်ပေးခဲ့တဲ့သတင်းဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ လူပြောများနေပါတယ်။
ကယ်တင်ခံရတဲ့ကျောင်းသူဟာ သူမရဲ့ အဖြစ်အပျက်ကို တွစ်တာပေါ်မှာ တင်ခဲ့တာဖြစ်ပြီး ကျောင်းသူလေးဟာ မေလ ၁၁ ရက်နေ့ညက ကျောင်းကနေ အိမ်ပြန်ချိန်မှာ သူမကျောင်းက ကျောင်းသူလေးယောက်ရဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်တိုက်ခိုက်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အမဲရောင်ဝတ်စုံဝတ်ထားပြီး မက်စ်တပ်ထားတဲ့ လူတစ်ဦးက သူမရှေ့မှာ ပေါ်လာပြီး သူမဘက်မှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့ကာ အခြားသူတွေအပေါ် အကြမ်းဖက်တာကို သည်းခံမှာမဟုတ်ကြောင်း အနိုင်ကျင့်သူတွေကို ပြင်းပြင်းထန်ထန် သတိပေးနေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အဆိုပါအမျိုးသားဟာ ကျောင်းသူရဲ့ဖုန်းကို ငှားပြီး စိုးရိမ်နေတဲ့ မိခင်နဲ့ သက်ဆိုင်ရာ ဆရာမကို အမြန်သတိပေးခဲ့သလို ဖြစ်စဉ်အကြောင်းစုံကိုပြောပြကာ ဖြေရှင်းနိုင်ဖို့အတွက် ပြောပြခဲ့ပါတယ်။
အဆိုပါ အမျိုးသားဟာ အခင်းဖြစ်ပွားရာကို ကျောင်းသူလေးရဲ့မိခင် ရောက်လာတဲ့အထိ စောင့်ရှောက်ပေးခဲ့ပြီး မိခင်ဖြစ်သူရောက်လာတဲ့အခါမှာ နှိမ့်ချတဲ့အမူအရာနဲ့ မျက်နှာဖုံးကို ဖယ်ရှားကာ ရိုသေစွာ ဦးညွတ်ခဲ့ရာမှ EXO အဖွဲ့ဝင် Chen ဖြစ်နေကြောင်းကို သိခဲ့ရတာပဲ ဖြစ်ပါတယ်။
အခုအခါမှာတော့ အဆိုပါကျောင်းသူလေးက ဒဏ်ရာတွေပျောက်ကင်းကာ အိမ်မှာအနားယူနေပြီ ဖြစ်ပြီး အနိုင်ကျင့်သူတွေကိုလည်း ကျောင်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီဆီ တင်ပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်အပေါ် ကျောင်းသူလေးက”သူမ ခံနိုင်ရည်မရှိခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို အသိအမှတ်ပြုကာ အားပေးစကားတွေနဲ့ နှစ်သိမ့်ပေးပြီး ကူညီပေးခဲ့လို့ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ အားအင်ဖြစ်ပေးလို့လည်း သဘောကျရပါတယ် Chen” ဆိုပြီးတော့ တွစ်တာပေါ်မှာရေးသားခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်တွေကလည်း Chen ရဲ့ အေဂျင်စီဖြစ်တဲ့ SM အင်တာတိန်းမန့်ရဲ့တရားဝင် အတည်ပြုချက်ကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေကြပြီး Chen ရဲ့ သူရဲကောင်းစိတ်ဓာတ်နဲ့ ကူညီပေးတတ်မှုကို ချီးကျူးမဆုံးဖြစ်နေကြတာ ဂုဏ်ပြုပေးနေကြပါတယ်။
Ref; Kbizoom