MT News
Written By Thandar
ပြီးဆုံးသွားခဲ့တဲ့ ၁၃ နှစ်ကြာ Relationship တစ်ခုကြောင့် ပရိသတ်ဝေဖန်ခံထားရတဲ့ တေးသံရှင် လွှမ်းပိုင်ကတော့ မိန်းကလေးဆန်ဆန် လိမ်လိမ်မာမာကောင်မလေးပုံစံမျိုးကို ကြိုက်တယ်လို့ ဆိုပါတယ်။
“အကို အိမ်ထောင်ပြုလိုက်တာကို အားကျပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာလည်း ဖူးစာပါမှ ရတာလေ။ လောလောဆယ် မရှိသေးပေမယ့် ကျွန်တော်လည်း အချိန်တန်ရင်တော့ ယူမှာပါ။ အရင်ထဲက ကျွန်တော် ကြိုက်တဲ့ပုံစံက မိန်းကလေးဆန်ဆန် လိမ်လိမ်မာမာပေါ့ ဘာညာဆိုရင် ကျွန်တော်ကြိုက်တယ်။ ပြီးခဲ့တဲ့ Relationship ကို ဝေဖန်တဲ့အပေါ် ဘယ်သူမှမမှားဘူးလို့ ထင်ပါတယ်။ ဘာလို့လဲ။ ဘဝကရှေ့ဆက်နေတာလေ။ ကျန်နေခဲ့လို့မရဘူးလေ။ ဒီအချိန်မှာ ဘယ်သူပဲ ဘာဖြစ်ဖြစ် ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါ”လို့ တေးသံရှင် လွှမ်းပိုင်က ပြောပါတယ်။
ချစ်သူဟောင်းဖြစ်သူ Bobby Soxer နဲ့ နှစ်ယောက်သားတွဲခဲ့တုန်းကလည်း အချိန်အကြာကြီး တွဲခဲ့ကြပြီး တွဲခဲ့စဥ်ကလည်း အရမ်းချစ်ခဲ့ကြတာကြောင့် အကောင်းဆုံးအချိန်တစ်ခုကို နှစ်ယောက်လုံး အတူတူရခဲ့ပြီး ရှေ့ဆက်လို့မရတဲ့ ကိစ္စမြောက်များစွာရှိလို့ ရပ်တန့်လိုက်ကြတာလို့လည်း သူက ဆိုပါတယ်။
“အကို အိမ်ထောင်ပြုလိုက်တဲ့အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။ ပီတိလည်းဖြစ်ရပါတယ်။ နှစ်ယောက်စလုံးက လိုက်ဖက်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်က နားလည်မှုရှိကြတယ်။ အကို အိမ်ထောင်ပြုမယ်ဆိုတာ အကြီးအကျယ်တော့ မတိုင်ပင်ခဲ့ဘူး။ အိမ်ထောင်ပြုမယ်ဆိုတာတော့ သိတယ်။ ဘယ်အချိန်ဆိုတာမသိခဲ့ဘူး”လို့ သူကဆက်ပြောပါတယ်။
မကြာခင်က MRTV-4 ရုပ်သံလိုင်းက မင်းသားအနေနဲ့ လူသိများတဲ့ လွှမ်းပိုင်ရဲ့ အကိုဖြစ်သူ ကျော်ဆု အိမ်ထောင် ပြု လိုက်တဲ့အပေါ် အားလုံးက Surprise ဖြစ်ကြမှာပါလို့ သူကပြောသလို မိသားစုကိုလည်း လွန်ခဲ့တဲ့ ၃ လကျော် ၄ လလောက်ကမှ အသိပေးခဲ့တာလို့လည်း ပြောပါတယ်။