၁၇. ၅. ၂၀၂၃
Written By Thandar
Bulgaria နိုင်ငံ Varna မြို့မှာ ကျင်းပမယ့် ၃၁ ကြိမ်မြောက် IFF LOVE IS FOLLY နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ Asian Panorama ကဏ္ဍမှာ မြန်မာနိုင်ငံက “မှောင်တိုက်”ရုပ်ရှင်ဇာတ်ကားပြသဖို့ ရွေးချယ်ခံထားရတယ်လို့ သိပါတယ်။
IFF LOVE IS FOLLY နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဘူလ်ဂေးရီးယားနိုင်ငံ Varna မြို့မှာ သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာလ ၃ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပမှာပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ရှဲဒိုးစာရေးဆရာတစ်ယောက်ဟာ သူ့ဝတ္ထုထဲမှာ သူဖန်တီးထားတဲ့ ဇာတ်ကောင်နဲ့ တစ်ထပ်တည်းတူတဲ့ လူတစ်ယောက်ကို အပြင်လက်တွေ့ဘဝမှာ ကိုယ်တိုင်မြင်တွေ့ရင်းနှီးခဲ့ရာက ကြုံတွေ့ရတာတွေကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားတဲ့ ” မှောင်တိုက်” ဇာတ်ကားကို ဒါရိုက်တာ ချိုဝတ်ရည်ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးဖွဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။
“၀တ်ရည်လည်း ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား Europe က Bulgaria နိုင်ငံမှာ ပြသခွင့်ရတယ်ဆိုတော့ အရမ်း၀မ်းသာတာပေါ့နော်။ ပြီးတော့ ဒီရုပ်ရှင်ပွဲတော်ကဆိုရင် ကျင်းပတာလည်း ၃၁ ကြိမ်ရှိပြီ။ အနောက်တိုင်းမှာ နာမည်ကြီးတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဆိုတော့ ပိုပီတိ ဖြစ်မိပါတယ်။ အဓိက က မြန်မာရုပ်ရှင်ကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ထိုးဖောက်ပြသခွင့်ရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးတော့ မဟုတ်ဘူးလေ။ နောက်ပိုင်းလည်း ပိုမို ကောင်းမွန်တဲ့ ရုပ်ရှင်တွေဖန်တီးပြီ နိုင်ငံတကာထိ ပြသနိုင်ဖို့ ကြိုးစားသွားပါ့မယ်” လို့ ဒါရိုက်တာ ချိုဝတ်ရည်က ပြောပါတယ်။
သည်းထိပ်ရင်ဖို Pyscho Thriller ဇာတ်လမ်းဖြစ်တဲ့ “မှောင်တိုက်” ရုပ်ရှင်မှာ သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ကျော်ဗိုလ်၊ ပိုင်တံခွန်၊ အိချောပိုနဲ့ အနုပညာရှင်တွေ ပါဝင်ထားပြီး ပြည်တွင်းမှာ ၂၀၂၂ ခုနှစ် မေလက ရုံတင် ပြသခဲ့တာဖြစ်ပါတယ်။
“မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားအနေနဲ့ ၂၀၂၂ နို၀င်ဘာက ဗီယက်နမ်ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ (Hanoi International Film Festival) HANIFF 2022 ရဲ့ Official Selection နိုင်ငံတကာအဆင့်မီတဲ့ ဇာတ်ကား ၁၃ ကား စာရင်းမှာပါဝင်ခဲ့လို့ ပြသခွင့်ရခဲ့ပြီးဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားက မင်းသားပိုင်တံခွန်ရဲ့ ပွဲဦးထွက် ဇာတ်ကားလည်းဖြစ်သလို မကြာခင်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုမှာလည်း ၂၀၂၂ ခုနှစ်ရဲ့ ဆန်ကာတင် စာရင်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။