◾ပုဂံဒေသ၏ အဓိကကျသည့်လမ်းများကို နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းရန်ပါ မှာကြား
၁၇. ၅. ၂၀၂၃
Written by Thadoe
နိုင်ငံ့အတွက် အစားထိုး၍မရ တန်ဖိုးဖြတ်၍မရနိုင်သည့် ပုဂံရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်နယ်မြေအား ထိခိုက်ပျက်စီးမှုများမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန် SAC ဥက္ကဋ္ဌက ညောင်ဦးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးကို တက်ရောက်စဥ် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေးတွင် တာဝန်ရှိသူများက ရှေးဟောင်းဘုရားများနှင့် အဆောက်အအုံအချို့ ပျက်စီးမှု၊ ဘုရားပုထိုးများတွင် ရေဝပ်မှု၊ ပုပ္ပါးတောင်မကြီးရှိတာဝါတိုင် ကျိုးကျခဲ့မှုနှင့် ပုဂံဒေသကို Town Plan ရေးဆွဲပြီး ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှု အပါအဝင်အခြားအချက်များ တင်ပြခဲ့သည်ဟု သိရသည်။
အဆိုပါ တင်ပြမှုများအပေါ် SAC ဥက္ကဋ္ဌက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သစ်ပင်များစိုက်ပျိုးရန် ယခင်ကတည်းက တိုက်တွန်းခဲ့ပြီး မြေ Level များကို ထိန်းညှိနိုင်ခြင်းမရှိသဖြင့် ရေဝပ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သောကြောင့် မြေ Level များကို ထိန်းညှိပြီး ရေထွက်ပေါက်များ စနစ်တကျ ဖောက်လုပ်ရန်လိုအပ်ကြောင်းနှင့် ရှေးဟောင်းဘုရားကြီးများဖြစ်သဖြင့် ထိခိုက်လွယ်နိုင်၍ တန်ခိုးကြီး ရှေးဟောင်းဘုရားကြီးများ ထိခိုက်မှုမရှိအောင် စနစ်တကျဖြင့်ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း သတိပေးသည်။ အလားတူ မဟာရံတံတိုင်းများနှင့် ရင်ပြင်တော်များကိုလည်း ရေဝပ်ခြင်းဖြင့် မထိခိုက်ရန်နှင့် ပြုပြင်ခြင်းများကို Check List များ ပြုစု၍ စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်းလည်း လမ်းညွှန်ခဲ့သည်။
အလားတူ မိုးရွာသွန်းမှုများပြားချိန်၌ ဝင်ရောက်ခဲ့သည့် ရေများကို ပြန်လည်စုပ်ထုတ်ချိန်တွင် ရေထုတ်ချိန်၌ အခြားနေရာများထိခိုက်မှုမရှိစေရေး ရေထုတ်သည့် စနစ်ကို စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊ ပုဂံဒေသအတွင်း မြေနှင့်ပတ်သက်၍ Survey ပြုလုပ်ရန်အပြင် ပုဂံယဉ်ကျေးမှုနယ်မြေသည် ထိခိုက်ပျက်စီးမှုများ လုံးဝမဖြစ်ပေါ်ရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့အတူ ပုဂံဒေသတွင် သစ်ပင်စိုက်ပျိုးမှုနှင့်ပတ်သက်၍ နယ်မြေအတွက် အန္တရာယ်ရှိသည့် အပင်အိုများကို ခုတ်ထွင်ရှင်းလင်းရန် လိုအပ်သကဲ့သို့ အပင်ပျိုများကိုလည်း ထပ်မံစိုက်ပျိုးရန်နှင့် ထိုသို့ဆောင်ရွက်ချိန်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ မရှိအောင်လည်း ဆောင်ရွက်ရန်လိုသဖြင့် ဌာနဆိုင်ရာအလိုက် တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ညှိနှိုင်းတွက်ချက်ဆောင်ရွက်ရန်လည်း မှာကြားသည်။
ထိုကဲ့သို့ သစ်ပင်စိုက်ပျိုးရာတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သာယာလှပရေးအတွက် ဒေသနှင့်ကိုက်ညီသည့် ပန်းမန်များကို စိုက်ပျိုးရန်လိုအပ်ပြီး မျက်စိပသာဒဖြစ်ကာ အရိပ်ရသည့် ပင်ကြီးမျိုးများကိုစိုက်ပျိုးရန်အပြင် အမြဲတမ်းစိမ်းစိုနေသည့် အပင်များကို စိုက်ပျိုး၍ ပတ်ဝန်းကျင်အလှအပကို ဖန်တီးပေးရန်လည်း မှာကြားသည်။
ယင်းအပြင် လမ်းများပေါ်တွင် ကားများမောင်းနှင်ချိန်၌ သဲများကြောင့် ဖုန်ထမှုမဖြစ်ပေါ်စေရေး သက်ဆိုင်ရာစည်ပင်သာယာဌာနမှ တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန်လိုပြီး အဓိကကျသည့်လမ်းများကို နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းရန်နှင့် လမ်းများချောမွေ့စေရေးဆောင်ရွက်ရန်၊ အလားတူ အခြားလမ်းသွယ်များကိုလည်း ချောမွေ့စေရေး အမြဲပြင်ဆင်ထိန်းသိမ်းနေရန် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ခရီးသွားများစနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်၊ ခရီးသွားလုပ်ငန်းများကြောင့် ရှေးဟောင်းပစ္စည်းများ လျော့နည်းပပျောက်မှုမရှိစေရေး ပစ္စည်းလုံခြုံမှုများ ရှိအောင်ဆောင်ရွက်ရန်နှင့် တန်ဖိုးဖြတ်မရသည့် ရှေးဟောင်းအနုပညာလက်ရာများ ပျက်စီးမှုများမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်၊ ဈေးဆိုင်များ စနစ်တကျရှိစေရေးအတွက်လည်း တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်၊ ရောင်းချလျက်ရှိသည့် ပစ္စည်းများကိုလည်း ပုဂံဒေသမှထုတ်လုပ်သည့် ပစ္စည်းများဖြစ်စေရေး One Region One Product ဖြစ်အောင် ဆောင်ရွက်ရန်၊ နိုင်ငံတကာဧည့်သည်များအနေဖြင့် မိမိတို့နိုင်ငံရှိ ဈေးဆိုင်များကိုကြည့်၍ မြန်မာတို့၏ ပုံရိပ်ကိုထင်ဟပ်စေနိုင်သဖြင့် စည်းကမ်းတကျရှိနေရန်နှင့် ပုဂံဒေသတွင် ပုန်းရည်ကြီးများထွက်ရှိသဖြင့် ပုန်းရည်ကြီးကို အခြေခံသည့် အဆင့်မြင့်ဒေသအစားအစာများကို ကြံဆဆောင်ရွက်နိုင်ကြောင်းအပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ပြည်ပခရီးသွားများကို စွဲဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဆိုပါက ပုဂံဒေသသည်ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။