◾ ဓားပြတိုက်မှု တရားခံများမှာ NUG ဩဇာခံ DRPA PDF များဖြစ်နေပြီး လသာသာအိမ်ခြံမြေနှင့် Kaung Lay Mobile ကို ဓားပြတိုက်သူများဖြစ်နေသည့်အပြင် လူသတ်မှုပါ ကျုးလွန်ထားသူများဖြစ်နေဟု ဆို
၁၆. ၅. ၂၀၂၃
Written by Nay Moe
သာကေတမြို့နယ်ရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ ၈ ဦးအား ၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပြီး ထို ဓားပြတိုက်မှု တရားခံများမှာ NUG ဩဇာခံ DRPA PDF များဖြစ်နေပြီး လသာသာအိမ်ခြံမြေနှင့် Kaung Lay Mobile ကို ဓားပြတိုက်သူများဖြစ်နေသည့်အပြင် လူသတ်မှုပါ ကျုးလွန်ထားသူများဖြစ်နေသည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယခုထုတ်ပြန်လိုက်သည်။
ယခုထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက် ၁၀ နာရီခွဲတွင် သာကေတမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်သို့ စိစစ်ဆဲ ကျား ၄ ဦးသည် သေနတ်အတို ၁ လက် ကိုင်ဆောင်၍ Probox (အဖြူရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၄,ဝဝဝ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည်။
ထို ဓားပြမှုအပေါ် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့ချက်များအရ ဓားပြတိုက်လုယက်ရာတွင် ပါဝင်သူများဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူများသည် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ယင်းနေ့ ၂ နာရီတွင် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ(၄)လမ်း၊ အိမ်အမှတ်(၅၅၉)၌ တရားခံ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့အား ပွိုင့်-၃၈ဝ ကျည် ၅၈ တောင့်၊ ၉ မမကျည် ၄၃ တောင့်၊ ပွိုင့်-၃၈ဝ ကျည်အိမ် ၁ ခု၊ ရှို့ ပစ်လက်လုပ်ဗုံး ၂ လုံး၊ ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည့် ရွှေဆွဲကြိုး ၂၅၆ ကုံး၊ ရွှေနားကပ် ၁၅၃ ရံ၊ ရွှေဆွဲသီး ၅၄ ခု၊ ရွှေဆံညှပ် ၁၅ ခု၊ ရွှေလက်ကောက် ၃၆၃ ကွင်း၊ ရွှေလက်စွပ် ၆၃၁ ကွင်း၊ ဟန်းချိန်း ၉၁ ခု၊ ငွေကျပ် ၃ဝ သိန်းတို့နှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး ၄ နာရီအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး၏ ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် အင်းစိန်ပန်းခြံ၌ တရားခံ စကင်မရွန်းဇင် အားလည်းကောင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ “ရွှေကောင်းကြွယ်” လက်ဘက်ရည်ဆိုင်၌ တရားခံ မင်းခန့်မောင် အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ မင်းခန့်မောင် ၏ ထွက်ဆိုချက်အရ မေလ ၁၄ ရက် နံနက် ပိုင်းတွင် လှည်းကူးမြို့နယ်၊ မေဃဝတီရပ်ကွက်၌ တရားခံ ကျော်မင်းဝေ(ခ)ဝေကြီး နှင့် ဇေယျာအေး(ခ)ဇေယျာ တို့အား ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၄ ကွင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် သင်္ဃန်းကျွန်း မြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၅)လမ်း၊ တိုက်အမှတ်(၁ဝ၅)၌ တရားခံ နိုင်ဦး(ခ)စွန်ရဲအား Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀ ကျည် ၂ဝ တောင့်၊ ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလော့ကတ်သီး ၁ ခု၊ ရွှေဆွဲပြား ၂ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နိုင်ဦး(ခ)စွန်ရဲ၏ ထွက်ဆိုချက်အရ မေလ ၁၄ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပတ္တမြား(၃)လမ်း၊ အိမ်အမှတ်(၅/၇၆၈)၌ ဓားပြတိုက်လုယက်ရာတွင် အသုံးပြုခဲ့သော လက်နက်/ခဲယမ်းများအား သိမ်းဆည်းပေးသူ လင်းဦး အား လက်ပစ်ဗုံး ၃ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦးနှင့်အတူ Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၁၂၁ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ရှို့ပစ်လက်ပစ်ဗုံး ၂ လုံးတို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၄,ဝဝဝ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် ငွေကျပ် ၃ဝ သိန်းတို့အား တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် အရှိန်အဟုန်မြှင့် စစ်ဆေး ရှာဖွေဖော်ထုတ်မှုများကြောင့် ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စကင်မရွန်းဇင် သည် ၂၀၂၁ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ဖမ်းဆီးရန်ကျန်တရားခံ ကျော်လင်းညို ၏ ချိတ်ဆက်ပေးမှုဖြင့် လိုင်ဇာမြို့အနီးရှိ KIA စခန်းတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် Ant-Dictatorship Revolution People’s Army- DRPA အဖွဲ့အား NUG မှ တရားခံပြေး ဦးရည်မွန်၏စေခိုင်းမှုဖြင့် ဖမ်းဆီးရန်ကျန် တရားခံ ဟိန်းမင်းထက်(ခ)လင်းနွေ ခေါင်းဆောင်၍ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး၊ မင်းခန့်မောင်၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်နှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ကိုထွန်း၊ ဇင်လင်းထွန်း(ခ)ဇင်ကြီး၊ ဂျက်ပလက်၊ အာကာ၊ ပင်လယ်၊ လရောင်၊ ကျော်ကြီး၊ သာကြီး၊ သူရိန် အပါ အဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် NUG ကာကွယ်ရေးဝန်ကြီးဆိူသည့် ဦးရည်မွန်သည် ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည် ၁၀၀ တောင့်၊ လက်ပစ်ဗုံး ၄ လုံးတို့အား ဖမ်းဆီးရန်ကျန်တရားခံ ဟိန်းမင်းထက်(ခ)လင်းနွေ ထံသို့ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ DRPA အနေဖြင့်
– ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(စတုတ္တပတ်)တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ဖမ်းဆီးရန်ကျန်တရားခံ သူရိန် တို့သည် လှည်းကူးမြို့၊ မြို့ကြီးကုန်းရပ်ကွက်၊ ရွှေသရဖီလမ်းနေ အပြစ်မဲ့ပြည်သူ ဖိုးခွား အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
– ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ဖမ်းဆီးရန်ကျန်တရားခံ သူရိန် တို့သည် လှည်းကူးမြို့၊ အောင်မင်္ဂလာ၄ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် DRPA အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ)ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့သည် လှည်းကူးမြို့နယ်၊ ကျောက္ကဒင်ကျေးရွာရှိ “လသာသာ” အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း ပိုင်ရှင်အား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀ အား ဓားပြတိုက် လုယက်ခဲ့ကြောင်း။ ဧပြီလ ၃ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး (ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ) ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့သည် ကျောက်တံတားမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ လမ်း(၄၀)၊ အလယ်ဘလောက်ရှိ Kaung Lay Mobileဖုန်းဆိုင်အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ နှင့် I Phone ၁၀ လုံးတို့အား ဓားပြတိုက်လုယက်ခဲ့ကြောင်း သိရသည်။
အလားတူ မေလ(ပထမပတ်)တွင် ရန်ကုန်မြို့ပေါ်ရှိ အမျိုးသမီးဝန်ထမ်းများသာ ခန့်အပ် ထားသည့်ရွှေဆိုင်များအား အဓိကပစ်မှတ်ထား၍ ဓားပြတိုက်လုယက်ရန် လိုက်လံရှာဖွေခဲ့ရာ သာကေတမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဧရာဝဏ် လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်တွင် အမျိုးသမီးဝန်ထမ်း ၃ ဦးသာ ခန့်အပ်ထားကြောင်း တွေ့ရှိရသဖြင့် ဓားပြတိုက်လုယက်ရန်သတ်မှတ်၍ ဝင်လမ်းထွက်လမ်းများအား ကြိုတင်အခြေအနေကြည့်ခဲ့ပြီး မေလ ၁၃ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ) ဝေကြီး၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ)ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ) ခိုင်စိုး တို့သည် “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်သို့ သွားရောက်၍ ဆိုင်ပိုင်ရှင်နှင့် အမျိုးသမီးဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
DRPA အဖွဲ့၏ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်ခဲ့သည့်ဖြစ်စဉ်တွင် တရားခံများမှ ရွှေထည်ပစ္စည်းများအား ဝေစုမခွဲမီ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကြိုးပမ်းဖော်ထုတ်မှုနှင့် တာဝန်သိပြည်သူများ၏ အချိန်နှင့်တစ်ပြေးညီ လျှို့ဝှက်သတင်းပေးပို့ပူးပေါင်းပါဝင်ခြင်းများကြောင့် ဓားပြတိုက်လုယက်သည့်ခေါင်းဆောင်နှင့် ရွှေထည်ပစ္စည်းများအား ၄ နာရီအတွင်းဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်မှုဖြစ်စဉ်ပါ ကျန်တရားခံများနှင့် လက်နက်ခဲယမ်းများအား ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းနိတရားခံများအား ထိရောက်စွာအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်းနှင့် ကျန်ရှိတရားခံများအား ဖမ်းမိရေးကြိုးပမ်းနေကြောင်း သိရသည်။