၁၆. ၅. ၂၀၂၃
Translated by Htwe Ko Tun.
မေလ ၁၆ ရက်တွင် ထွက်ပေါ်လာသော နိုင်ငံတကာသတင်းဌာနများ၏ သတင်းများက ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုံးမိုခါကြောင့် သေဆုံးသူဦးရေမှာ မေလ ၁၆ ရက်အထိ အနည်းဆုံး ၄၁ ဦးရှိကြောင်း ဖော်ပြခဲ့ကြသည်။
မေလ ၁၄ ရက်က တစ်နာရီလျှင် လေတိုက်နှုန်း ၁၉၅ ကီလိုမီတာ(မိုင် ၁၂၀) နှုန်းဖြင့် ကုန်းတွင်းဝင်ရောက်ခဲ့သော ဆိုင်ကလုံးမိုခါက တာဝါတိုင်များကို ပြိုလဲစေခဲ့ပြီး သစ်သားလှေများကို အပိုင်းပိုင်းကွဲထွက်စေခဲ့သည်။
စစ်တွေမြို့အနီးရှိ ဘုမရွာ အုပ်ချုပ်ရေးမှူးက ၎င်းတို့ရွာတွင် ၁၇ ဦးသေဆုံးခဲ့ကြောင်း ပြောခဲ့သည်။ ၎င်းက “သေဆုံးသူဦးရေကတိုးလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျောက်နေတာ လူတစ်ရာကျော်ရှိနေသေးလို့ပဲ” ဟုဆက်လက်ပြောခဲ့သည်။ အဆိုပါကျေးရွာက ဘင်္ဂါလီမွတ်စလင်တို့နေထိုင်ရာကျေးရွာဖြစ်ကြောင်းလည်း သိရသည်။
အနီးရှိ ကောင်းတုတ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ၎င်းတို့ရွာတွင် သေဆုံးသူ ၂၄ ဦးအထိ ရှိလာသည်ဟု အေအက်ဖ်ပီသို့ ပြောခဲ့သေးသည်။
မြန်မာနိုင်ငံအစိုးရကမူ မုန်တိုင်းကြောင့်သေဆုံးသူ ငါးဦးရှိကြောင်း မေလ ၁၅ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် မြန်မာအစိုးရ၏ ဆိုင်ကလုံးကြောင့် သေဆုံးသူများစာရင်းတွင် ဘုမရွာနှင့် ကောင်းတုတ်ကာရွာများမှ သေဆုံးသူစာရင်းများပါဝင်ခြင်းရှိမရှိ ရှင်းလင်းခြင်းမရှိပေ။ ဘုမရွာတွင် ဆိုင်ကလုံးဝင်ရောက်စဉ် ပင်လယ်တွင်း မျောပါသွားခဲ့သော မိသားစုဝင်များအား ရွာသူရွာသားများက မေလ ၁၆ ရက်တွင်ကမ်းခြေသို့ ဆင်း၍ရှာဖွေခဲ့ကြသည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၌ ဆိုင်ကလုံးမိုခါကြောင့် ဘင်္ဂါလီများသေဆုံးခဲ့ရသည်ဆိုသောသတင်းအပေါ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များရုံးက ပြောကြားခဲ့သည်။ ဘင်္ဂါလီဒုက္ခသည်စခန်းများနှင့် နေထိုင်ကြသည့်နေရာများတွင် အခြေအနေကို ရှင်းလင်းစွာ သိနိုင်အောင်ဆောင်ရွက်ခြင်းဖြင့် အသေးစိတ်သုံးသပ်မှုများပြုရန် အားထုတ်သွားမည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
မေလ ၁၆ ရက်တွင် လူဦးရေ ၁၅၀,၀၀၀ ရှိသော စစ်တွေမြို့မှာ ဆက်သွယ်ရေးလမ်းကြောင်းများ နှေးကွေးနေပြီး မြို့တွင်းလမ်းများကို ရှင်းလင်းလျက်ရှိကာ အင်တာနက်ဆက်သွယ်မှုများ ပြန်လည်ရရှိအောင်ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း အေအက်ဖ်ပီက ပြောခဲ့သည်။ မေလ ၁၅ ရက်တွင် စစ်တွေလေဆိပ်၌ လေယာဉ်များပေါ်မှ ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများက သယ်ပိုးချနေသည်ကို နိုင်ငံပိုင်မီဒီယာ၌ပြသခဲ့သည်။
သို့သော် ဘင်္ဂါလီကျေးရွာသားအချို့ကမူ “ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းမှ ကျွန်တော်တို့ရွာကိုမလာသေးဘူး။ ကျွန်တော်တို့ စားရမဲ့သောက်ရမဲ့ဖြစ်နေတာ နှစ်ရက်ရှိပြီ။ ဘာအကူအညီမှမရသေးဘူး။ ဘယ်သူမှလည်းလာမမေးဘူး” ဟုပြောခဲ့ကြကြောင်း သိရသည်။
Ref——AFP