၁၆. ၅. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၁ ဘီလျံခန့် လိုအပ်မည်ဖြစ်ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံရှိလူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများနှင့် ထိခိုက်လွယ်သူများအတွက်ရည်ရွယ်ပြီး အာဆီယံအဖွဲ့၏ လူသားချင်းဆိုင်ရာအကူအညီပေးရေးစင်တာ AHA Center က ဦးဆောင်ကာ လုပ်ဆောင်ခဲ့သော ပူးတွဲလေ့လာမှု ရလဒ်များအပေါ် အခြေခံပြီး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
၎င်းက “မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကြောင့် သက်ရောက်မှုများ တွေ့ကြုံနေရတဲ့လူတွေရှိနေတာကို တွေ့ရှိခဲ့တယ်။ အဲဒီသူတွေ အားလုံးဟာ လက်ရှိအချိန်မှာ အကူညီများစွာ လိုအပ်နေတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများသည် ဆေးဝါးကုသမှု၊ အစားအစာ၊ သန့်ရှင်းသောရေ၊ မိလ္လာ၊ အမိုးအကာများအပါအဝင် လူသားချင်းဆိုင်ရာအကူအညီပေးရေးပစ္စည်းများလိုအပ်နေကြောင်း ၎င်းကပြောသည်။ အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ သက်ရောက်မှုကို တွေ့ကြုံနေရသောလူများကို ကူညီပေးနိုင်ရန်အတွက် ဒေသအတွင်းအစည်းအဝေးများ ကျင်းပသွားမည်ဖြစ်ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။
၎င်းက “အာဆီယံအဖွဲ့ရဲ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် သက်ရောက်မှုဒဏ် တွေ့ကြုံနေရသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုတွေ ဆက်လက်လုပ်ကိုင်ဖို့ သဘောတူညီထားပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်အကုန်အထိ လူသားချင်းဆိုင်ရာ စာနာမှုအကူညီအဖြစ် အနည်းဆုံးအမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈ သန်းခန့်ထပ်မံလိုအပ်နေတယ်”ဟုပြောသည်။
အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့များ ဘေးကင်းလုံခြုံမှုများ ရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အာဏာပိုင်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်နေကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။ အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံရေးအခက်အခဲကို ကြားဝင်စေ့စပ်ပေးနိုင်ရန်ကြိုးပမ်းရာတွင် အာဆီယံခေါင်းဆောင်များနှင့် နစက အကြီးအကဲကြား ရရှိထားသော အာဆီယံသဘောတူညီချက်ငါးချက်အတိုင်း ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောသည်။
Ref——–antaranews