MT News
Written By Thandar
ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဥ် Own Tune တွေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ အဆိုတော် ပိုပိုရဲ့ မေ ၁၆ ရက်မှာကျရောက်မယ့် အသက် ၃၃ နှစ်ပြည့် မွေးနေ့အကြိုအထိမ်းအမှတ်အနေနဲ့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာနဲ့ သုခရိပ်မြုံလူငယ်ဖွံဖြိုးရေးပရဟိတဂေဟာ ၊ Better Life Shelter ဂီလာန ဒုက္ခိတခွေးလေးများဂေဟာတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
“ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ဆေးဝါးပဒေသာပင်နဲ့ သုခရိပ်မြုံက ကလေးတွေအတွက် တစ်နေ့စာလေးလည်း လှူဖြစ်ပါတယ်။ ၂၀၁၃ ကတည်းက ပိုပိုမွေးနေ့မှာကတည်းက ဒီမှာ လာလှူဖူးတယ်။ ၂၀၁၂ လောက် ကတည်းက ဆည်းဆာရိပ်ဘိုးဘွားတွေအတွက်ဆိုပြီး ရန်ပုံငွေပွဲမှာ သီချင်းဆိုပေးခဲ့ဖူးတော့ အဲဒီကတည်းက အမေ ဒေါ်သန်းမြင့်အောင်ကို ခေါင်းထဲမှာရှိတယ်။ ငယ်ငယ်လေးကတည်းက ပရဟိတကို ဝါသနာပါလို့ လုပ်ဖြစ်တယ်။ တစ်နှစ်ကျော်ကျော်လောက်က အမေဒေါ်သန်းမြင့်အောင်နဲ့ တူတူနေခဲ့ရတော့ အမေကလည်း ပရဟိတအလုပ်တွေ ဝိုင်းလုပ်ပါလို့ ပြောထားပေမယ့် ထွက်လာကတည်းက ပိုပိုမအားတာနဲ့ မလုပ်ဖြစ်ခဲ့ဘူး။ အခု အမေပြန်ရောက်လာတဲ့အချိန် ပိုပိုမွေးနေ့လေးလည်း တိုက်ဆိုင်လို့ တစ်ခါတည်း လာလှူဖြစ်ခဲ့တာပါ”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။
သူမဟာ မွေးနေ့ကို နှစ်စဉ်အလှူအတန်းတွေနဲ့ ဖြတ်သန်းဖြစ်ပြီး ဒီနှစ်အတွက် မွေးနေ့အကြို အလှူကို မေလ ၁၄ ရက်က ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ်ရှိ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာနဲ့ သုခရိပ်မြုံ လူငယ်ဖွံ့ ဖြိုးရေး ပရဟိတဂေဟာမှာ အလှူငွေ ကျပ် ၇ သိန်း လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် တောင်ဒဂုံမြို့နယ် (၅၄) တိုးချဲ့ရပ်ကွက်မှာ အုန်းဆီရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အဘိုးအဘွားဇနီးမောင်နှံနှစ်ဦးကို အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့ပြီး ပိုပိုနေထိုင်ရာ ရပ်ကွက်ထဲက လိုအပ်နေတဲ့ အဘိုးအဘွားတွေ အတွက် အလှူငွေတွေနဲ့ ကလေးငယ်တွေအတွက်လည်း မုန့်ဖိုးတွေ လှူဒါန်းပေးခဲ့သလို မြောက်ဒဂုံမြို့နယ်ရှိ Better Life Shelter ဂီလာန ဒုက္ခိတခွေးလေးများ ဂေဟာမှာလည်း လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
ပိုပိုရဲ့ မွေးနေ့ပါတီ Birthday Party Show ကို မေလ ၁၆ ရက်နေ့ ည ၉ နာရီမှာ ရန်ကုန်ဘူတာကြီးအနီး အောင်ဆန်းကွင်းရှိ The Heart of Rangoon မှာ ပရိသတ်တွေနဲ့အတူ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။