၁၆. ၅. ၂၀၂၃
Written by Nay Moe
ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) မှ တပ်မတော်သားနှစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးလာစဥ် အသက်အရွယ်ကြီးရင့်သည့် တပ်မတော်သားတစ်ဦးကို ကျင်စက်ဖြင့်တို့ကာ ညှင်းပန်းနှိပ်စက်ခဲ့ပြီး ထိုသို့ နှိပ်စက်နေမှုအပေါ် အရသာခံလှောင်ပြောင်နေမှုအား လူမှုကွန်ရက်တွင် KNDF အဖွဲ့ဝင်များက တင်ခဲ့ပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သဖြင့် ထို လှောင်ပြောင်နှိပ်စက်သူများကို အရေးယူထားသည်ဟု KNDF က ပြောသည်။
KNDF များ လူမှုကွန်ရက်တွင် တင်ခဲ့သည့် ထိုရုပ်သံဖိုင်တွင် အသက် ၅၀ ကျော်အရွယ် တပ်မတော်သားတစ်ဦးကို KNDF တပ်ဖွဲ့ဝင်များက ကျင်စက်ဖြင့်တို့ကာ ညှင်းပန်းနှိပ်စက်နေပြီး ထိုလုပ်ရပ်အပေါ် အရသာခံလှောင်ပြောင်နေသည့်မြင်ကွင်းဖြစ်ကာ ထိုရုပ်သံဖိုင်ကြောင့် NLD၊ NUG နှင့် PDF များ ၎င်းတို့အား ထောက်ခံသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အားရပီတိဖြစ်မှုများဖြင့် ဆဲဆိုမျှဝေမှုများရှိခဲ့သော်လည်း ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ပြီး ဖမ်းဆီးခံစစ်သုံ့ပန်းများကို ညှင်းပန်းနှိပ်စက်နေသည့် KNDF များ၏ လုပ်ရပ်အပေါ် နိုင်ငံတကာအဖွဲ့အစည်းများက ဝေဖန်မှုများစွာ ထွက်ပေါ်လာသဖြင့် ညှင်းပန်းနှိပ်စက်သူနှင့် အရသာခံလှောင်ပြောင်နေသူများကို အရေးယူခဲ့ရခြင်းလည်းဖြစ်သည်။
KNDF အနေဖြင့် ထိုဝန်ချတောင်းပန်မှုလည်းပြုခဲ့ပြီး ထိုတောင်းပန်စာတွင် ဧပြီလ (၂၇)ရက်က ဆိုရှယ်မီဒီယာပေါ်၌ ပျံ့နှံ့လာခဲ့သည့် KNDF မှ ရဲဘော်များက စစ်သုံပန်းတစ်ဦးကို ကျဉ်စက်ဖြင့်တို့နေသည့် ဗီဒီယိုတွင် ကျူးလွန်နေသော ရဲဘော်ကိုသော်လည်းကောင်း၊ ၎င်း၏ အနီးတွင် ဝိုင်း၍ နောက်ပြောင်ကျီစယ်နေကြသူများကိုလည်းကောင်း သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ပြီးဖြစ်သည်။
အဆိုပါ ဖြစ်ရပ်ကို ကျူးလွန်သူများမှာလည်း နှိပ်စက်ညှဉ်းပန်းလိုသည့် ရည်ရွယ်ချက်နှင့် ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။
ဤသို့ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာသော ရုပ်သံဗီဒီယိုကြောင့် အမှန်တရားနှင့်ငြိမ်းချမ်းရေးကို လိုလားသော ပြည်တွင်းပြည်ပမှ ပြည်သူများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများအား ဝမ်းနည်းစိတ် အနှောင့်အယှက်ဖြစ်စေသည့်အတွက် KNDF အနေဖြင့်လည်း ထပ်တူတပ်မျှ စိတ်မကောင်းဖြစ်ရပြီး အနူးအညွတ်ဝန်ချတောင်းပန်အပ်ပါသည်ဟုလည်း ဖော်ပြထားသည်။