MT News
Written by Nay Aung
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက် အမြင့် ၁၂ပေရှိ ပင်လယ်ရေထဲတွင် ပိတ်မိနေသူလူပေါင်း ၁၀၀၀ ကျော်ကိုကယ်တင်ပေးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
မိုခါမုန်တိုင်းကြောင့်ရခိုင်ပြည်နယ်တွင် လူပေါင်းရာနှင့်ချီ ဒဏ်ရာရခဲ့ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ရကြောင်း သိရသည်။
စစ်တွေမြို့ရှိ ရခိုင်လူငယ်အဖွဲ့စည်း၏ အမည်မဖော်လိုသော ခေါင်းဆောင်တစ်ဦးက စာသင်ကျောင်းများ၊ ဘုန်းကြီးများ၊ နှင့် ဘုရားများကဲ့သို့သော စစ်တွေမြို့ရှိ ကုန်းမြင့်များသို့သွားရောက်ရွှေ့ပြောင်းနေထိုင်သူ လူပေါင်း ၂၀၀၀၀ အနက်မှ ၇၀၀ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မေလ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကမ်းရိုးတန်းတစ်လျှောက်တွင်ရေကြီးမှုများ၊ ဒီရေမြင့်တက်မှုများ ဖြစ်ပွားလာခဲ့ကြောင်း အဆိုပါ ရခိုင်လူငယ်အဖွဲ့စည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရေကြီးမှုများ၊ ဒီရေတက်မှုများဖြစ်လာချိန်တွင် ဒေသခံများသည် ခေါင်မိုးများ၊ အထပ်မြင့်အဆောက်အဦးများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း၊ မုန်တိုင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများလည်း ထပ်မံဖြစ်ပွားခဲ့ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ရန် အခက်ခဲများဖြစ်ခဲ့ရကြောင်း စစ်တွေမြို့ရှိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကပြောသည်။
မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုနှင့်အတူ လေပြင်းများတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိအိမ်များ၊အဆောက်အဦများတွင် အမိုးများလန်ထွက်ခြင်းများဖြစ်ပေါ်ခဲ့သလို သစ်ပင်ကျိုးကျခြင်း၊ လျှပ်စစ်မီးတိုင်များ လဲကျခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ လဲကျခြင်းများလည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ” မေလ ၁၄ရက်နေ့ ညနေ ၄ နာရီလောက်မှာ မုန်တိုင်းဟာ အားပျော့သွားတယ်။ မုန်တိုင်းအားပျော့သွားပေမယ့် ရေကြီး၊ ရေတက်မှုများဆက်လက်ဖြစ်ပွားနေပြီး ရေကျမှုမရှိခဲ့ဘူး။ ဒေသခံအများစုဟာ မြင့်မားတဲ့အဆောက်အဦအထပ်များ၊ အိမ်ရဲ့ မြင့်မားတဲ့နေရာတွေမှာ ညလုံးပေါက်နီးပါးနေထိုင်ခဲ့ရတယ်။လေကလည်း ညလုံးပေါက်နီးပါးတိုက်ခတ်ခဲ့တယ်” ဟုပြောသည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုခါမုန်တိုင်းသည် စစ်တွေမြို့နှင့်အနီးတစ်ဝိုက်ကို တစ်နာရီလေတိုက်နှုန်း ၁၃၀ မိုင်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ နစကသည် မိုခါ မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်တွေ့ကြုံရသောဇုန်အဖြစ် သတ်မှတ်ဖော်ပြခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ကို ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းသည် မေလ ၁၅ ရက်နေ့တွင် အားပျော့သွားခဲ့ကြောင်း အိန္ဒိယ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားသည်။
Ref——–democratherald