◾️ မိုခါကြောင့်ပြည်သူသေဆုံးမှု ၅ ဦးသာရှိပြီး ပြင်းထန်သည့်မုန်တိုင်းကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့
၁၅. ၅. ၂၀၂၃
Written by Tha Doe
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)”မိုခါ” (MOCHA) ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လက်ခံရရယူခဲ့ပြီး စုစုပေါင်းအလှုငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ ရရှိခဲ့ကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ကြောင့် ရခိုင် ပြည်နယ်အတွင်းထိခိုက်ပျက်ဆီးခဲ့ရသည့် ပျက်စီးဆုံးရှုံးမှုများနှင့် မုန်တိုင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများမှ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ဆောင်ရွက်သည့် ပြန်လည်ကယ်ဆယ်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများတွင် ယခုကဲ့သို့ တစ်တပ်တစ်အား ပါဝင်လှူဒါန်းကြသည့်အတွက် ဝမ်းမြောက်ကြောင်း အလှူရှင်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျေးဇူးတင်စကား ပြောကြားသည်။
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်ဖြစ်သော်လည်း ကြိုတင်ပြင်ဆင်မှုများကောင်းမွန်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းများရှိပါက အတိုင်းအတာတစ်ခုအထိ အနည်းငယ်လျော့ကျသွားနိုင်သည်ကိုလည်း တွေ့ရသည်။ ထို့အတွက် မုန်တိုင်းနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၉ ရက်ခန့်ကတည်းက မုန်တိုင်းကျရောက်နိုင်ကြောင်း မိုးလေဝသ သတင်းများအရ သိရှိခဲ့ရာ အဆိုပါအချိန်တွင် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းနှင့် အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းတို့ နှစ်ခုဆုံမည်ဆိုပါက မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည်ကို တာဝန်ရှိသူများက လာရောက်တင်ပြခဲ့၍ အရေးပေါ် အစည်းအဝေးများ ဆောင်ရွက်စေပြီး ကြိုတင် ပြင်ဆင်မှုများကိုဆောင်ရွက်စေခဲ့သည်။
ထို့နောက် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားနေသည့် မုန်တိုင်းမှာ အားနည်းပြီး ပျက်ပြယ်သွားသဖြင့် မိမိတို့နိုင်ငံအနေဖြင့် မုန်တိုင်းဒဏ် ထိခိုက်မှုကို လျော့နည်းစေခဲ့သည်။ လက်ရှိ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တာဝန်ပေး၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့သည်။
မုန်တိုင်းသည် မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည်ကို တာဝန်ရှိသူများက တင်ပြခဲ့သဖြင့် သိလျှင်သိခြင်း သတိပေးချက်များကို ချက်ချင်း ထုတ်ပြန်စေခဲ့ပြီး ပြောင်းရွှေ့မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်စေခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ မုန်တိုင်း ဒဏ်ကျရောက်ချိန်တွင် လူအများထိခိုက် သေဆုံးမှုကို များစွာရှောင်ရှားနိုင်ခဲ့ပြီး ယခုအချိန်အထိ သိရှိရသော သတင်းအချက်အလက်များအရ ၅ ဦးသာ သေဆုံးခဲ့ကြောင်းနှင့် ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှု အနည်းဆုံးဖြင့် ပြင်းထန်သည့် မုန်တိုင်းဒဏ်ကို အောင်မြင်စွာကျော်လွှား နိုင်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အတူ မုန်တိုင်းကြောင့် ထိခိုက်မှုများဖြစ်ပေါ်ပြီးချိန်တွင် စေတနာရှင်၊ အလှူရှင်များက ပါဝင်လှူဒါန်းလိုကြောင်းသိရှိရခြင်းကြောင့် ယခုကဲ့သို့ လှူဒါန်းပွဲကို ကျင်းပ၍ အလှူငွေများကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ “တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာ ရှိသည် ” ဆိုသည့်အတိုင်း မိမိအနေဖြင့်ခံယူထားပြီး ယခုကဲ့သို့ တိုင်းပြည်အတွက် လိုအပ်ချိန်တွင် အားတတ်သရောပါဝင်လှူဒါန်းခြင်းများကြောင့် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ AHA Center မှတာဝန်ရှိသူများအနေဖြင့်လည်း အကူအညီများပေးအပ်နိုင်ရေး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အလားတူ အခြားနိုင်ငံများအနေဖြင့်လည်း အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းလာကြောင်း။ ယခုကဲ့သို့ မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို မည်သည့်တိုက်တွန်းမှုမှ မပါဘဲ စေတနာအပြည့်ဖြင့် လာရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ အခက်အခဲ အကြပ်အတည်းများကြားမှ ကျော်ဖြတ်နေရခြင်းဖြစ်ကြောင်း၊ အဆိုပါအခက်အခဲအကြပ်အတည်းများကို ကျော်ဖြတ်နေရချိန်တွင် ယခုကဲ့သို့ လှူဒါန်းနိုင်ခြင်းမှာလည်း စီးပွားရေးလုပ်ငန်းများပြန်လည်ကောင်းမွန်လာပြီး နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ယခုလှူဒါန်းမှုများကို ရခိုင်ပြည်နယ်အတွက်သာမက အခြားမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများကိုပါ ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက အလှူငွေကျပ် သိန်း ၁၀၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်ဟုလည်း သိရသည်။