၁၅. ၅. ၂၀၂၃
Written by Ye Kyaw
ကုန်ပစ္စည်းတန်ဖိုးငွေ၊ အမြတ်ဝေစု၊ လစာငွေနှင့် Withholding Tax ဖြတ်ရမည့်လုပ်ငန်းများအနေဖြင့် ဒေါ်လာ ၁၀,၀၀၀ (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ) အထက်ပမာဏအား ပြည်ပသို့ လွှဲပြောင်းပေးပို့ရာတွင် အခွန်အကောက်များ အပြေအကြေပေးဆောင်ထားမှုနှင့် အခွန်စာရင်း ရှင်းလင်းထားမှုများ ရှိ/မရှိ စိစစ်ပြီးမှသာ လွှဲပြောင်းခွင့်ပြုမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ အသိပေးကြေညာထားသည်။
“ငွေလွှဲတဲ့ဟာမှာ Withholding Tax ဖြတ်ရမယ့်ခေါင်းစဥ်အောက်ကငွေတွေရှိတယ်။ အဲဒီငွေတွေ နိုင်ငံခြားကိုလွှဲရင် WT ဆောင်ပြီးသားဖြစ်ရမယ်။ အဲဒါကို စိစစ်မယ်။ နောက်တစ်ခုက ကုန်ပစ္စည်းဖိုး၊ အမြတ်ဝေစု၊ နိုင်ငံခြားကို ပြန်လွှဲတယ်ဆိုရင်လည်း စိစစ်မယ်၊ လစာငွေပြန်လွှဲတယ်ဆိုရင်လည်း စိစစ်မယ်။ အဲဒါတွေနဲ့ မပတ်သက်တဲ့ဟာတွေဆိုရင် မစိစစ်ဘူး။ ဒေါ်လာတစ်သောင်းအောက်ဆိုလည်း မစိစစ်ဘူး” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ တစ်ဦးချင်းပုဂ္ဂိုလ်များအနေဖြင့် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ) အထက်ပမာဏအား ပြည်ပသို့ လွှဲပြောင်းပေးပို့ရာတွင် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အကောက်များ အပြေအကြေပေးဆောင်ထားပြီးခြင်း ရှိ/မရှိ၊ အခွန်စာရင်းရှင်းလင်းထားမှုတို့ကို ဆောက်ရွက်ထားခြင်း ရှိ/မရှိတို့ကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်မှစ၍ စိစစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရသည်။
ပြည်ပသို့ ဒေါ်လာ ၁၀,၀၀၀ အထက်ပမာဏရှိသော အမြတ်ငွေလွှဲပြောင်းခြင်းနှင့် ကုန်ပစ္စည်းဖိုးပေးချေခြင်းတို့အတွက် ပုံစံ ပတခ(၀င)-၈ (သို့မဟုတ်) ပုံစံ SAS-1 အခွန်ဆိုင်ရာ ကြီးကြပ်မှုများ မပြုလုပ်သေးသည့် အခွန်ထမ်းအသစ်ဖြစ်ပါက ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပေးထားသည့် အခွန်ထမ်း မှတ်ပုံတင်လက်မှတ် (ပုံစံ ပတခ (၀င)-၀၁-၀၂) စသည့်အထောက်အထားများ တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အတူ အတိုး၊ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ ခိုင်ကြေး၊ မူပိုင်ခွင့်အတွက် ပေးချေငွေ၊ ဝန်ဆောင်ခပေးချေငွေတိုအတွက် Withholding Tax နုတ်ယူ ပေးသွင်းထားပြီးဖြစ်ကြောင်း သို့မဟုတ် အခွန်ကျသင့်ခြင်းမရှိကြောင်း သက်ဆိုင်ရာအခွန်ရုံးမှ ထုတ်ပေးထားသည့် အထောက်အထား (အဆိုပါ အထောက်အထားအား သက်ဆိုင်ရာအခွန်ရုံးများထံ လျှောက်ထားရယူရမည်ဖြစ်ပါသည်။) တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။