◾️ မိုခါမုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်မှ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ထိခိုက်ပျက်စီးမှုများ အမြန်ဆုံး ပြန်လည်ထူထောင်ရန် စစ်အင်ဂျင်နီယာအဖွဲ့ အမြန်စေလွှတ်ရန် ညွှန်ကြား
၁၅. ၅. ၂၀၂၃
Written by Tha Doe
လက်ရှိတိုက်ခတ်နေသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကို လူ့အသက်အန္တရာယ်ထိခိုက်မှုအနည်းဆုံးနှင့် ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းဘုရားများ ပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ယနေ့တွင် ပြောကြားသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီတွင် ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) သတိပေးချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) “မိုခါ”(MOCHA) သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “မိုခါ”(MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့ပြီးဖြစ်သည့် မြို့၊ ရွာများနှင့် မုန်တိုင်း ဆက်လက်ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်၌ လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုခါမုန်တိုင်းဝင်ရောက်မည့်အပေါ် တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၏ ဝိုင်းဝန်းစုပေါင်း၍ ကြိုတင်ပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သောကြောင့် လူများ သေကြေ ထိခိုက်မှု အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့ပြီး ထိုအခြေအနေများအပေါ် SAC ဥက္ကဋ္ဌက တပ်မတော်စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်း ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင် စုပုံထားရှိသည့် သွပ်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လေယာဉ်များ၊ မော်တော်ယာဉ်များ၊ တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း ညွှန်ကြားသည်။
ထို့အတူ လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက်လည်း စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များကို အမြန်ဆုံးစေလွှတ်ပေးရန်နှင့် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများကိုလည်း ပို့ဆောင်ပေးရန်လိုကြောင်း ပြောကြားသည်။ မုန်တိုင်းသင့် ဒေသများသို့ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိရာတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စုပုံထားရှိသည့်အချိန်၌ ယာယီတဲများဖြင့် ထားရှိနိုင်ရေး ဆောင်ရွက်ရန်နှင့် မုန်တိုင်းဒဏ်သင့်ဒေသများသို့ ကူညီရေးပစ္စည်းများ ပေးပို့ လှူဒါန်းလိုသည့် အလှူရှင်များ လှူဒါန်းနိုင်ရေး ဆောင်ရွက်၍ အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးနိုင်ခဲ့မှုများကြောင့် မုန်တိုင်းတိုက်ခိုက်ချိန်တွင် လူ့အသက် အန္တရာယ် ထိခိုက်မှုများကို အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်၍ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံး စေလွှတ်ခြင်းနှင့် စားသောက်ဖွယ်ရာများ၊ ရေသန့်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းကိုလည်း အမြန်ဆုံးပို့ဆောင်ပေးရန်လိုကြောင်း ဆက်လက်ညွှန်ကြားခဲ့သည်။
အလားတူ အားလျော့လာသည့် မိုခါမုန်တိုင်း ဆက်လက်ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန်နှင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများကိုလည်း ပြုပြင်ထိန်းသိမ်းရန်လိုကြောင်း မှာကြားခဲ့သည်ဟု သိရသည်။