MT News
Written By Thandar
လက်ရှိ အိမ်ထောင် ဇာတ်လမ်းတွဲမှာ ပရိသတ်တွေကြား သူချစ်ခင်ရဲ့အဒေါ်ဖြစ်သူ ဒေါ်မိုးကာရိုက်တာနဲ့ အမုန်းခံနေရတဲ့ သရုပ်ဆောင် မျိုးမျိုးခိုင်က ငွေအရမ်းမက်တဲ့ ခပ်ပျက်ပျက်အဒေါ်ဆိုး ဒေါ်မိုးနေရာ ပါဝင်ရလို့ Heart ထိသွားပြီး Psycho တွေ ဖောက်ခဲ့ရသလို ဖြစ်ပါ့မလားဆိုပြီး စိတ်တွေပူခဲ့ရတယ်လို့ ဆိုပါတယ်။
“အောင်သီရိ ထုတ်လုပ်ရေးက ဒေါက်တာ ကျော်ကျော်ဦးတို့က ဇာတ်လေးက အရမ်းကောင်းပြီး ကိုယ့် နေရာကလည်း လုပ်ခွင့်ရတဲ့ နေရာလေးဆိုပြီး ပါဝင်ဖို့လာတယ်။ ကိုယ်က သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်ကကောင်းတယ်။ ကိုယ့်ဇာတ်ကောင်နေရာကလည်း လုပ်ခွင့်ရတယ်ဆိုတော့ ရိုက်မယ်ရိုက်မယ်ပေါ့။ အဲဒီမှာ ကိုယ်က ဇာတ်မသိရသေးပေမယ့် ထုတ်လုပ်သူတွေက ပါမယ့် ဇာတ်ကောင်တွေ အကုန်လုံးက ဒေါ် မိုးက ဘယ်သူလဲဆိုတာ သိချင်နေကြတယ် ပြောရော အဲဒီစကားက Heart ထိသွားပြီး ကျွန်မ Psycho တွေဖောက်တော့တာပဲ။ ဖြစ်ပါ့မလား စိတ်တွေပူခဲ့တယ်”လို့ သရုပ်ဆောင်မျိုးမျိုးခိုင်က ပြောပါတယ်။
သူမဟာ ဇာတ်ပို့ဇာတ်ရံအနေနဲ့ အနုပညာသက်တမ်း ၃၅ နှစ် ရှိပြီး ဟာသရုပ်တွေနဲ့သာ ဖန်တီး ချပြခွင့်ရခဲ့တယ်လို့ဆိုပါတယ်။ အရင်က ဇာတ်ပို့ဇာတ်ရံတွေအနေနဲ့ ရိုက်ကွင်းတစ်ခုပေါ်မှာ ဇာတ်ကားတစ်ကားရဲ့ ဇာတ်နဲ့ ဇာတ်ညွှန်းပိုင်းမှာ မသိရတာများပြီး မျိုးမျိုးခိုင်အတွက်လည်း အိမ်ထောင်ဇာတ်ကားက ပထမဆုံးဇာတ်ညွှန်းကြိုသိရတဲ့ကား ဖြစ်ခဲ့ပါတယ်။
“ကိုယ်က ဟာသကားတွေပဲ ရိုက်တာများခဲ့တော့ ဒီဇာတ်မှာ ကိုယ်က ဖြစ်ပါ့မလားဆိုပြီး သုံးညလောက်အထိ အိပ်မပျော်ဖြစ်ခဲ့ရတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အကုန်တတ်အောင် သင်ထားပေမယ့် ဒရာမာ ဇာတ်ရိုက်ရတော့မယ်ဆိုတော့ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တော့ ရှိခဲ့တယ်။ ဇာတ်ညွှန်း ကိုယ့်ကို ပေးလိုက်ကတည်းက ကိုယ်ပါရမယ့်ဇာတ်ဝင်ခန်းတွေတစ်ခုချင်းစီကို သေချာဖတ်တယ်။ ညတိုင်း ဖတ်တယ်။ အလွတ်ကို ရနေရော။ ဒီအိမ်ထောင်ဇာတ်လမ်းတွဲ လေးကတော့ အမအတွက် အနုပညာသက်တမ်း ၃၅ နှစ်ကျော်မှ ကိုယ်ပါဝင်ရမယ့် ဇာတ်ကောင်အတွက် ဇာတ်ညွှန်းကြိုရပြီး ပြင်ဆင်ခွင့်ရတဲ့ ဇာတ်ကားပါ”လို့ သူမက ဆက်ပြောပါတယ်။