MT News
Written By Thandar
၂၀၁၉ ၊ ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူတွေနဲ့ ကူညီပံ့ပိုးပေးသူတွေကို ဂုဏ်ပြုတဲ့ ညစားပွဲအခမ်းအနားကို မေလ ၁၃ ရက် ည ၇ နာရီက ရန်ကုန်မြို့ Sky Star Hotel မှာ ကျင်းပခဲ့ရာမှာ လူတွေကို ငိုစေ ရယ်စေတဲ့ အနုပညာရှင်တွေဟာ ပါရမီရှင်တွေပါလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ချီးကျုးခဲ့ပါတယ်။
“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အနုပညာနယ်ပယ်က အနုပညာရှင်၊ အတတ်ပညာရှင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ပထမဦးစွာနှုတ်ခွန်း ဆက်သအပ်ပါတယ်။ ဒီနေ့ ဂုဏ်ပြုညစာစားပွဲကလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ၊ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၂ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အခမ်းအနားကြီးကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တဲ့အတွက် ကူညီဆောင်ရွက်ခဲ့သူများကိုဂုဏ်ပြုတဲ့ အခမ်းအနားပဲ ဖြစ်ပါတယ်။ ဒီအခမ်းအနားကြီးမှာ အနုပညာရှင်တွေအားလုံးကိုမြင်တွေ့ရတယ်။ အားလုံးက ပျော်ရွှင်စွာမြင်တွေ့ရတယ်။ အနုပညာ
နဲ့ပတ်သက်လို့ ကျွန်တော့်မှာခံစားမှုရှိပါတယ်။ အနုပညာဟာ လူတွေကိုဖမ်းစားနိုင်တဲ့အတတ်ပညာတစ်ခုပါ။ အနုပညာရှင်များငိုလို့ရှိရင်လည်း လူတွေလိုက်ငိုကြရတယ်။ အနုပညာရှင်များရယ်ရင်လည်း လိုက်ရယ်ကြတယ်။ အနုပညာရှင်များဟာ တကယ်တော့ပါရမီရှင်တွေဖြစ်ပါတယ်။ အကယ်ဒမီဆုဆိုတာ တကယ်တော့ ရဖို့မလွယ်ပါဘူး။ ကံ၊ ဉာဏ်၊ ဝိရိယနဲ့ စန်းအပြင် ရသင့်ရထိုက်မှရကြတာပါ။ အခုညက ဂုဏ်ပြုထိုက်သူအားလုံးကို ဂုဏ်ပြုတဲ့ညစာစားပွဲလည်းဖြစ်ပါတယ်”လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က ဂုဏ်ပြုစကားပြောကြားခဲ့တဲ့အပြင် ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်အဖွဲ့ဝင်တွေကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ချီးမြှင့်ခြင်းနဲ့စိစစ်အကဲဖြတ်အဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။
ဒီအခမ်းအနားမှာ မကြာခင် မေလ ၆ရက်နေ့က ပူပူနွေးနွေး အကယ်ဒမီဆုရှင်တွေဖြစ်တဲ့ ပြေတီဦး ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဒါရိုက်တာ မီးပွား ၊ မေသဉ္ဇာဦး ၊ ခင်ဝင့်ဝါ ၊ ဒီဇိုင်နာ ဌေးဌေးတင် ၊ အုန်းသီး ၊ အောင်ကိုလတ် ၊ ရုပ်ရှင်တေးဂီတဆုရှင်ကျော်ကျော်ထွန်း ၊ အကောင်းဆုံး ရုပ်ရှင်အသံဆုရှင် ကြည်မင်းသိန်း ၊ ရုပ်ရှင်ဇာတ်ညွှန်းဆုရှင်မောင်မြတ်ဆွေ ၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုရှင် ဂျီသရီးနဲ့ ကျော်ခိုင်စိုး ၊ Triple Six ရုပ်ရှင်ထုတ်လုပ်ရေး ထုတ်လုပ်သူ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် အကယ်ဒမီ ဆုရှင်တွေဖြစ်ကြတဲ့ ဖွေးဖွေး ၊ မြင့်မြင့်ခင်၊ ချိုပြုံး ၊ အောင်လွင် ၊ ခင်သီတာထွန်း စတဲ့အနုပညာရှင်များစွာ အတတ်ပညာရှင်များစွာလည်း တက်ရောက်ခဲ့ကြပါတယ်။
ဆက်လက်ပြီး ရုပ်ရှင်ထူးချွန်ဆုရရှိသူတွေ အားလုံးကိုလည်း ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၂သိန်း၊ Triple Six ထုတ်လုပ်ရေးကကျပ် ၁သိန်း၊ ရွှေနန်းတော်က ချီးမြှင့်တဲ့ ရွှေဆွဲကြိုး စတာတွေ ပေးအပ်ခဲ့ပြီး ဂုဏ်ပြုဆုရရှိကြသူများကိုယ်စား အကယ်ဒမီဒါရိုက်တာဦးအောင်ကိုလတ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။