၁၂. ၅. ၂၀၂၃
Written By Thandar
ပရိသတ်အားပေးမှုကို လက်ခံရရှိထားပြီးဖြစ်တဲ့ သရုပ်ဆောင် ဟိန်းဝေယံရဲ့ မွေးနေ့အလှူမှာ အာနန္ဒာမာရဘကျောင်းတိုက်က သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့သလို မိခင်က အနားမှာရှိပေးလို့လည်း ပျော်စရာအမှတ်တရလည်း ဖြစ်ရပါတယ်လို့ ဆိုပါတယ်။
သူက ဒီနေ့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြိုသစ်တောင်ပိုင်း၊ (၁၀၆)ရပ်ကွက်ရှိ “အာနန္ဒမာရဘ” ကျောင်းတိုက်မှာ သံဃာတော် အရှင်သူမြတ်တွေကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်မွေးနေ့ကို လူအယောက် ၅၀၀ စာလှူဒါန်းဖို့ စီစဥ်ထားပါတယ်။ အခုလို မွေးနေ့အလှူလုပ်ရတာ အရမ်းလည်း ပျော်ပါတယ်။ ဘုန်းဘုန်းကျောင်းက သံဃာတော်တွေကို နေ့ဆွမ်းကပ်တယ်။ ဝတ္ထုငွေလည်း ကပ်ဖြစ်တယ်။ လာရောက်သုံးဆောင်ကြတဲ့ ပရိသတ်တွေ မိဘပြည်သူတွေကို မြင်ရတော့ အရမ်းဝမ်းသာပြီး စိတ်မှာ ကြည်နူးမိပါတယ်။ အသက် ၂၅ နှစ်ပြည့်ပြီးနောက်ပိုင်းထဲက ကိုယ့်အသက်ဘယ်လောက်ဆိုတာ မေ့ထားလိုက်ပါပြီ။ မွေးနေ့မှာ ကုသိုလ်လုပ်ရတာ ပျော်စရာအမှတ်တရတွေပါပဲ။ ကျွန်တော့်မွေးနေ့မှာ မေမေအနားမှာရှိပေးလို့လည်း ပျော်စရာအမှတ်တရလည်း ဖြစ်ရပါတယ်”လို့ သရုပ်ဆောင် ဟိန်းဝေယံက ပြောပါတယ်။
အဆိုပါ မွေးနေ့အလှူကို ရပ်ကွက်အနီးအတွင်းက ဒေသခံပြည်သူအယောက် ၅၀၀ အတွက် ထမင်း၊ ကြက်သား ဟင်း၊ ပဲကုလားဟင်း၊ ပုဇွန်ခြောက်ကြော်၊ ချဉ်ပေါင်ကြော်နဲ့ အရံဟင်းအစုံတို့အပြင် အအေးကိုပါ စတုဒီသာ ကျွေးမွေး လှူဒါန်းပေးခဲ့ပါတယ်။
ဟိန်းဝေယံက နှစ်စဥ် မွေးနေ့ကျရောက်တိုင်း ကုသိုလ်ပြုအလှူတွေ လုပ်ဖြစ်ပေမယ့်လည်း ၂၀၁၉ ခုနှစ် မွေးနေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူအယောက် ၁၀၀၀ စာ စတုဒိသာကုသိုလ်မွေးနေ့အလှူလုပ်ခဲ့ပြီး နောက်ပိုင်း ကိုဗစ်ကာလမှာ မွေးနေ့လုံးဝမလုပ်ဖြစ်ခဲ့ဘဲ အခုနှစ်က ပထမဦးဆုံး မွေးနေ့အလှူ ပြန်လုပ်ဖြစ်တာလို့ သိရပါတယ်။