၁၂. ၅. ၂၀၂၃
Written by Peya
ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်းကို ၄၀ မမ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင်ပကဖနှင့်စမ်းချောင်း ပကဖ အဖွဲ့က မေလ ၁၂ ရက်တွင် ထုတ်ပြန်လာခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ MT News သတင်းဌာနက တာဝန်ရှိသူများထံ သီးခြား အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။
မေလ ၁၂ ရက် နံနက်ပိုင်း ၄ နာရီခွဲအချိန်လောက်က ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်းရှိ အစိုးရအဖွဲ့ရုံးအား ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖတပ်ရင်းနှင့် စမ်းချောင်းပကဖအဖွဲ့တို့ ပူးပေါင်းကာ ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု NUG ၏ ပကဖများက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဗုံးသီး (၃)လုံးခန့် ပစ်ခတ်ရန် ရည်ရွယ်ထားသော်လည်း Pioneer Club အတွင်းမှ ပြည်သူအချို့၏ကားများ ထွက်လာသဖြင့် ထိခိုက်မည်စိုးကာ ဆက်မပစ်တော့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းနှင့် နောင်တွင် အထက်ပါအတိုင်း ညှာတာတော့မည် မဟုတ်ဘဲ ပစ်ခတ်တိုက်ခိုက်မှုကို ဆက်လုပ်သွားမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အတည်ပြုရန်အတွက် တာဝန်ရှိသူအချို့ထံ စုံစမ်းထားသလို ဖြေကြားခွင့်ရှိသူများထံ MT News က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ကျွန်တော်တော့ မသိသေးဘူး” ဟု MT News ၏ မေးမြန်းချက်ကို ကနဦး ပြန်လည်ဖြေကြားသည်။