၁၂. ၅. ၂၀၂၃
Written by Peya
မိုခါမုန်တိုင်းက ခြိမ်းခြောက်နေသည့် စစ်တွေမြို့ ပွိုင့်ကမ်းခြေတွင် သဲသောင်ပြင်များ ထူးခြားစွာပြောင်းလဲမှု ဖြစ်နေသည်ဟုဆိုခြင်းအပေါ် အကြောင်းရင်းကို သိနိုင်အောင် လုပ်နေသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက MT News သတင်းဌာနသို့ ပြောသည်။
စစ်တွေမြို့ ပွိုင့်ကမ်းခြေရှိ သောင်ပြင်တွင် မေလ ၁၁ ရက်က စတင်ကာ တစ်ကြိမ်တစ်ခါမျှ ဖြစ်ပေါ်ခဲ့ခြင်းမျိုး မရှိသည့် ချိုင့်ခွက်များ ဖြစ်နေသည့်အပေါ် လူအများက စိတ်ဝင်တစား ဖြစ်နေကြခြင်း ဖြစ်သည်။
“နားလည်သူတွေနဲ့ မေးတုန်းပဲ ရှိပါသေးတယ်။ ထူးခြားတဲ့ အဖြေတော့ မရသေးပါဘူး” ဟု ဝန်ကြီး ဦးသန်းထွန်းက ဆိုသည်။
လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း၍ ရနိုင်သမျှကို စုံစမ်းနေကြောင်းလည်း ၎င်းက ဆိုသည်။
“ဒီရေလည်း မရောက်ဘူး။ လေလည်း မတိုက်ဘူး။ မိုးလည်း မရွာဘဲနဲ့ သဲသောင်ပြင်မှာ တွေ့ရတာ။ အရင်တုန်းက ညီညာနေတာလေ။ သဘာဝဘေးတစ်ခုခုရဲ့ ရှေ့ပြေး လက္ခဏာလား ဆိုပြီးတော့လည်း လူတွေက စိုးရိမ်ကြတယ်။ မုန်တိုင်းကလည်း ရှိနေတာလေ” ဟု စစ်တွေမြို့ခံတစ်ဦးက MT News သို့ ပြောသည်။